ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရာဖူး ၃ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

0
167

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်။

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုး တောင်တက်ဂိတ်အနီးတွင် အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရာဖူး ၃ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများက ပြောသည်။

“ပစ်ခတ်မှုက တောင်တက်ကားဂိတ်အနားမှာ ဖြစ်သွားတော့ ဘုရားဖူးတွေ ထိသွားတာ။ သိသလောက်က ဘုရားဖူးအမျိုးသမီး ၃ ဦး သေသွားတယ်။ ဒဏ်ရာရတာက ၁၅ ဦး ရဲတွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးရှိ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမည်မသိ သေနတ်သမားများက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အနီးအနားက ဒေသခံများက ပြောသည်။

ထိုသို့ ဂိတ်ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ၏ လုံခြုံရေးတပ်နှင့် အမည်မသိ သေနတ်သမားတို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်း ဘုရားဖူးအမျိုးသမီး ၃ ဦး ထိမှန်သေဆုံးကာ ဘုရားဖူးပြည်သူ ၁၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်လည်း ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အနီးအနားက ပြည်သူအချို့၏ ပြောပြချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းများက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာတင်ကားများဖြင့် ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေကြသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီး ပစ်ခတ်မှုဖြစ်စဥ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုနေသော်ကြလည်း အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

သီတင်းကျွတ်ကာလသည် ကျိုက်ထီးရိုးတောင် စတင်ဖွင့်လှစ်သည့် ကာလဖြစ်သည့်အတွက် ဘုရားဖူးလာရောက်မှု များပြားနေသည်ဟု ဒေသခံများက ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here