ထားဝယ်-ရေးကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

0
112

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်။

ထားဝယ်-ရေးကားလမ်းပေါ်တွင် စစ်ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု Dawei Guerrilla RevolutionaryForce -DGRF ထားဝယ် (ပကဖ) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထားဝယ်-ရေး ကားလမ်းပေါ်ရှိ ဇဟာကျေးရွာနှင့် မောင်မယ်ရှောင်ကျေးရွာအကြား တံတားမဲပေါ်တွင် အောက်တိုဘာ ၁၁ ရက်နေ့၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့် စစ်ကောင်စီယာဉ်တန်း မိုင်း ၄ လုံးဖြင့် ကြားဖြတ် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။

ထားဝယ်ဘက်မှ ရေဖြူမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် အဆိုပါ ယာဉ်တန်းမှ ၄ စီး မြောက်ကားကို မိုင်း ၂ လုံးဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရှေ့ကား ၃ စီးမှာ မောင်းနှင်ပြေးသွားသည်ဟု သိရသည်။

“ရွာနဲ့နီးတော့ ဂျိမ်း ဂျိမ်း ဆိုပြီး ပေါက်ကွဲသံ ၂ ဆင့်ကြားရတယ်။ မြေကြီးပါတုန်သွားတာ စစ်တပ်ဘက်က သေ နတ်ပစ်သံတွေ ကြားရချိန်မှာပဲ နောက်ထပ် မိုင်း၂ထပ်ပြီး ပေါက်ကွဲတဲ့ အသံလည်း ကြားရသေးတယ်။ စစ်ကား တွေကတော့ ရေဖြူဘက် ဆက်မောင်းပြေးသွားတယ်” ဟု အသက် ၃၅ နှစ်အရွယ် မောင်မယ်ရှောင် ရွာသားတစ်ဦးက ပြောသည်။

မိုင်းထိမှန်ကာ ပျက်စီးရပ်တန့်သွားသည့် ကားအပါအဝင် ကျန်ရှိသည့်ကား ၄ စီး ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ငယ်များဖြင့် အနီးပတ်ဝန်းကျင်အား ပြန်လည်ပစ်ခတ်နေစဉ် ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ရာတွင်လည်း စစ်သားများ ထပ်မံထိခိုက်သေဆုံးနိုင်သည်ဟု ယင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

မိုင်းပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများကြောင့် ရွာသားများ စိုးရိမ်ထိတ်လန့်ပြီး ဘေးလွတ်ရာနေရာများသို့ ပုန်းရှောင်နေကြရသည်ဟု မောင်မယ်ရှောင်ရွာသားက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်မှာ ကား ၂ စီးဖြင့် ထပ်မံရောက်ရှိလာကာ အနီးပတ်ဝန်းကျင်တွင် စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ပြီး ပျက်စီးသွားသည့်ကားအား ဆွဲယူကာ ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကားတစ်စီး ပျက်စီးသွားသော်လည်း ထိခိုက်သေဆုံးနိုင်သည့် စစ်သားအရေအတွက်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟု DGRF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခု လုပ်ဆောင်မှုကို DGRF အဖွဲ့က ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများနှင့် သက်ဆိုင်မှု အလျင်းမရှိပါကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားဖေါ်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့တွင်လည်း ထားဝယ်-မေတ္တာလမ်းပိုင်းတွင် ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

စက်တင်ဘာလဆန်းမှစတင်၍ တနင်္သာတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များသည် စစ်ကောင်စီသတင်းပေး ဒလန်ရှင်းလင်းရေးလုပ်ငန်းစဉ်အပြင် စစ်ကောင်စီယာဉ်တန်းများကိုပါ ကြားဖြတ်တိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ် ဖော်ဆောင်နေကြခြင်းဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here