တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေ ရိက္ခာနဲ့ဆေးဝါးတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေ

0
146

၇ အောက်တိုဘာ ၂၀၂၂

တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ရိက္ခာနဲ့ ဆေးဝါးတွေအပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင် ထောက်ပံ့ကူညီရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

ဒီတိုက်ပွဲတွေကြောင့် ပုလော၊ တင်နင်္သာရီ၊ ရေဖြူ၊ ပုလော၊ ထားဝယ်၊ သရက်ချောင်း စတဲ့မြို့နယ်က ဒေသခံပြည်သူလူထု ၇၀၀၀ ကျော်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒီလိုနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ နေရာဒေသအပေါ်မူတည်ပြီး စားဝတ်နေရေးနဲ့ ဆေးဝါး လိုအပ်ချက်တွေ ပိုမိုဖြစ်ပေါ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင် ထောက်ပံ့ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာ သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းအားလုံးနီးပါးကို စစ်ကောင်စီဘက်က ပိတ်ဆို့ ရှာဖွေသိမ်းဆည်းမှုတွေလည်း လုပ်ဆောင်နေတာကြောင့် သယ်ယူဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဟာ ထွက်ပြေးလာရင်းကနေ ပါလာတဲ့ စားသောက်စရာတွေနဲ့ ကြိုတင်စုဆောင်းထားတဲ့ ရိက္ခာတွေနဲ့သာ အဓိက မှီခိုနေရပြီး ခြိုခြုံချွေတာ စားသောက်နေရတာပါ။

တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူတွေဟာ တောတောင်ဥယျဉ်ခြံမြေ၊ နီးစပ်ရာဆွေမျိုးနေအိမ်၊ ဘုန်းတော်ကြီးကျောင်း၊ လွတ်မြောက်နယ်မြေတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင် ထောက်ပံ့ကူညီရေးအဖွဲ့ကနေ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here