ထားဝယ်မြို့၊ ကမ်းနားလမ်း သဲကွင်းရှိ သပိတ်မျှောပွဲပြုလုပ်မယ့်နေရာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
166

၇ အောက်တိုဘာ ၂၀၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်း သဲကွင်းရှိ သပိတ်မျှောပွဲပြုလုပ်မယ့်နေရာမှာ အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၅ နာရီကျော်ခန့်မှာ သပိတ်မျှောပွဲပြုလုပ်မယ့် ဖျော်ဖြေရေးမဏ္ဍပ်အောက်ကနေ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်တာမရှိပေမယ့်လည်း ဖျော်ဖြေရေးစင်ကတော့ အောက်ကြမ်းခင်းနဲ့ အပေါ်အမိုးတွေ ပွင့်ထွက်ကုန်တယ်လို့ သိရပါတယ်။

“ပေါက်ကွဲမှုဖြစ်တာတော့ဟုတ်တယ်။ သိရတာကတော့ လူထိခိုက်တာမရှိဘူး။ လုပ်တဲ့အဖွဲ့က သတိပေးတဲ့အနေနဲ့ လုပ်တာဖြစ်နိုင်တယ်။ သူတို့ဖျော်ဖြေရေးလုပ်မယ့် နေရာကတော့ ထိခိုက်ပျက်စီးတာ ရှိတယ်လို့တော့ သိရတယ်။ လူမှုကယ်ဆယ်ရေး ကားတွေလဲ လာတာမတွေ့တော့ လူမထိနိုင်ဘူး။ သပိတ်မျောပွဲက အရင်ကဆို သဲကွင်းနေရာက မြို့ထဲကလူတွေ သပိတ်မျှောဖို့ လုပ်ပေးနေက နေရာဖြစ်တယ်။ ဒါပေမယ့် ကမ်းနားဘေးကျတဲ့ အချို့ရပ်ကွက်တွေကလဲ ရပ်ကွက်အစီစဉ်လိုက် သူ့ရပ် ကွက်နဲ့သူလုပ်တာရှိတယ်။ ခု စကစ အာဏာသိမ်းထားတော့ သူတို့ကတော့ သူတို့ ပုံရိပ်တက်အောင် ဒီပွဲကို စီစဉ်တာလေ။ ပွဲလုပ်မယ့်နေ့မှာ ဒေသခံတွေ တစ်စုံတစ်ခုဖြစ်မှာစိုးလို့ ဒေသခံတွေ သွားမစိုးလို့ လုပ်တဲ့အဖွဲ့က သတိပေးတဲ့အနေနဲ့ လုပ်တာဖြစ်မယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ပြည်သူတွေမသွားကြဖို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ ၆ ဖွဲ့က လက်မှတ်ရေးထိုး အသိပေးထားတာပါ။

ဗုံးပေါက်ကွဲမှုကို စစ်ကောင်စီပြုလုပ်တဲ့ အလိမ်အညာပျော်ပွဲရွှင်ပွဲတွေကို လူထုအနေနဲ့ မပါဝင်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ပံ့ပို့ နေတဲ့သူတွေကို သတိပေးတဲ့အနေနဲ့ ပြုလုပ်တာဖြစ်တယ်လို့ Guerrilla Dawei မှ တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီက လူထုကို လူသားဒိုင်းသဖွယ်ပြုလုပ်ပြီး အလိမ်ညာ ပျော်ပွဲရွှင်ပွဲတွေကို လူထုအနေနဲ့မပါဝင်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးနေတဲ့သူတွေကို သတိပေးတဲ့အနေနဲ့ စစ်ကောင်စီကပြုလုပ်တဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲရဲ့ ဖျော်ဖြေရေးစင်ကို ကြိုတင်ဖောက်ခွဲ သတိပေးလိုက်တာပါ။ ပေါက်ကွဲမှုဖြစ်ပြီး မကြာခင် စစ်ကောင်စီတပ်သားတွေ အချက်ပေါင်းများစွာ ရမ်းသန်းပစ်ခတ်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း သပိတ်မျှောပွဲတော် ဖြစ်မြောက်ဖို့ အခမ်းအနားပြင်ဆင်နေတာ၊ ပါဝင်မယ့်အဖွဲ့တွေကို လေ့ကျင့် ဇာတ်တိုက်နေတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ဟာ စစ်ကောင်စီအာဏာမသိမ်းခင်က နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ညနဲ့ သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်ချိန်တွေမှာ ကျင်းပပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here