ဗန်းမောက်တောင်ပိုင်းဒေသများအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

0
143

၇ အောက်တိုဘာ ၂၀၂၂

စစ်ကိုင်းတိုင်း ဗန်းမောက်တောင်ပိုင်းဒေသများအတွင်း စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စီးမော်ဘက်မှာ ဒီနေ့ နေ့လည် ၂ နာရီလောက်တစ်ခါ သုံးနာရီခွဲလောက်တစ်ခါ လေယာဉ်လာတာမြင်ရတယ်။ လေယာဉ်စိုက်ဆင်းသွားတာလည်း မြင်ရတယ်။ ပထမအကြိမ်က နှစ်လုံး ဒုတိယအကြိမ်က သုံးလုံး တတိယအကြိမ်က လေးလုံးပေါက်ကွဲတာကြားရတယ်” ဟု အောက်တိုဘာလ ၆ ရက်ညနေပိုင်းက ဆက်သွယ်မေးမြန်းရာတွင် ပတ်၀န်းကျင်ကျေးရွာမှ ပြည်သူတစ်ဦးကဆိုသည်။

အဆိုပါလေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် စီးမော်ကျေးရွာနှင့် တစ်မိုင်ကျော်ခန့်ဝေးကွာသော တောင်ကြီးကျေးရွာထိပ်တွင် ဗုံးတစ်လုံးကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာရှိနေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး ဗုံးအများစုမှာ ရွာြပင်ပတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။

“PDF တွေက စီးမော်ရွာမှာ နေထားတာ စစ်တပ်က တောင်ကြီးရွာမှာ ရှိတယ်။ ခုထိ စီးမော်ရွာကို မဝင်နိုင်သေးဘူး။ ဗုံးကြဲတာကတော့ လူထိခိုက်မှု မရှိဘူးလို့ သိရတယ်။” ဟု အဆိုပါကျေးရွာများနှင့် ဆက်စပ်မှုရှိသော ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ ဗုံးကြဲမှုနှင့် ပတ်သက်၍ ဗန်းမောက်ဒေသ PDF သတင်းများကို အစဉ်တစ်စိုက်ဖော်ပြလာသော Bamauk Revolution BR- team ကလည်း အတည်ပြုထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ပေပင် ၊ ကျောက်အိုင်ကျေးရွာများတွင်လည်းကောင်း အောက်တိုဘာလ ၄ ရက်နေ့က ကျောက်မဲတောင် အနီးတွင်လည်းကောင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကျောက်အိုင်ကျေးရွာမီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗန်းမောက်တောင်ပိုင်း ဒေသများတွင် အောက်တိုဘ လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် PDF တပ်တို့အကြားတိုက်ပွဲများ ဆက််တိုက်ဖြစ်ပွားနေပြီး စစ်ကြောင်းများ ဆက်လက်ထိုးနေသဖြင့် တိုက်ပွဲအရှိန် မြှင့်လာနိုင်စရာရှိကြောင်းလည်း သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here