လောင်းလုံးမြို့နယ်အတွင်းရှိ ဇင်းကျောင်းသား ဘုန်းကြီးကျောင်းအနီး စစ်ကောင်စီတပ်အား ကူညီပေးနေသူ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

0
259

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်။

စစ်ကောင်စီတပ်ကို ကူညီပေးနေသူ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ အလှူခံမဏ္ဍပ်အနီး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ပျူစောထီးအဖွဲ့ဝင် ဦးမြင့်စိန် အသက် ၅၅ နှစ် ကို စက်တင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ ကျောက်မတပ်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာ အကြား ဇင်းကျောင်းသား ဘုန်းကြီးကျောင်း အလှူခံမဏ္ဍပ်အနီးတွင် အမည်မသိ လူ ၅ ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် အလောင်းကို အဆိုပါမဏ္ဍပ်အတွင်း ထားခဲ့သည်ဟု ရွာသားများက ပြောသည်။

“သေနတ်သံ ၅ချက်လောက် ဆက်တိုက်ပစ်သံကြားရတယ်၊ ခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေတွေ့ရတယ်။ သူ့ကို အရင်က PDF အဖွဲ့တခုက သတိပေးတာလည်း ခံရဘူးသေးတယ်။ ညနေ ၅ နာရီလောက်မှာ အလောင်းကို အရေးပေါ်ကားနဲ့ သယ်သွားတယ်” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ညနေ ၅ နာရီအချိန်ခန့်မှ ဦးမြင့်စိန်၏ ရုပ်အလောင်းကို အရေးပေါ်တင်ကားနှင့် သယ်သွားသည်ဟု ဒေသခံရွာသားများက ပြောသည်။

သေဆုံးသူ ဦးမြင့်စိန်သည် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့များ ရောက်ရှိလာပါက ၎င်း၏ကားဖြင့် လမ်းပြပေးခြင်းနှင့် သယ်ယူပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးနေသူဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဦးမြင့်စိန်သည် လောင်းလုံးမြို့နယ် ပျူစောထီးခေါင်းဆောင်၏ တပည့်လည်းဖြစ်သည်ဟု သိရသည်။

ပျူစောထီးအဖွဲ့ဝင် ဦးမြင့်စိန်ကို လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၂၃ ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် LLPDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် လုပ်ဆောင်ပေးနေမှုများအပေါ် ရပ်တန့်ရန် ၎င်းကို PDF အဖွဲ့များက အကြိမ်ကြိမ် သတိပေးထားသော်လည်း ဆက်လက်လုပ်ကိုင်နေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု LLPDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

လောင်းလုံး မြို့နယ်အတွင်း လာမည့် အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ အလှူပွဲ၊ မင်္ဂလာပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြရန်လည်း ဒေသခံ PDF အဖွဲ့ ၂ ဖွဲ့က အသိပေး မေတ္တာရပ်ခံထားသည်ဟု သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here