စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး သတ်ခံရပြီးနောက် ရွာသား ၃၅ ဦးကို စကစတပ်က ဖမ်းဆီး

0
69

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် ဒေသခံ ၃၅ ဦးကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက်ပိုင်း ဒေသခံ ၃၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်တိုက်ဖမ်း ဆီးနေခြင်းဖြစ်သည်ဟု သိရသည်။

“ထင်ရာမြင်ရာ ဆက်တိုက် လျှောက်ဖမ်းတာပါ။ အရင် အုပ်ချုပ်ရေးမှူးဟောင်းတွေလည်းပါတယ်။ NLD ပါတီ ဝန်းရံသူတွေလည်း အဖမ်းခံရတဲ့ အထဲမှာပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းဝင်းကို တော်လှန်ရေးအင်အားစုများက ပစ်သတ်လိုက်သည့်နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသအတွင်း လိုက်လံစစ်ဆေးမှုများလုပ်ပြီး မသင်္ကာသူများဟုဆိုကာ ရွာသားအချို့ကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများတွင် ယခု ပစ်သတ်ခံလိုက်ရသည့် အုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းထွန်း မတိုင်ခင် အုပ်ချုပ်ရေးမှူးလုပ်ခဲ့သည့် ဦးကုလားကြီး ၏ အစ်ကိုဆိုသူလည်း ပါဝင်ပြီး CDM ဝန်ထမ်းများ နှင့် NLD ပါတီအား ထောက်ခံဝန်းရံသူများ ပါဝင်သည်ဟု သိရသည်။

ထို့အတူ ဇရပ်လှ၊ ကျုံပတုတ်နှင့် ပိတောက်ချောင် ကျေးရွာအုပ်စုများအတွင်းရှိ CDM ဝန်ထမ်းများနှင့် NLD ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌအချို့လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“စက်တင်ဘာ ၂၁ ရက်နေ့အထိ ဖမ်းတုန်းပဲ အားလုံးကျီးလန့်စာ စားရသလိုဖြစ်နေတယ်။ ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်မလုပ်နိုင်ဘူး” ဟု ကျုံပတုပ် ရွာခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တုန်းက ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ကျုံတာကျေးရွာအနီး ရေကြည်-ငသိုင်း လမ်းမပေါ်မှာ စစ်ကောင်စီခန့် ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းဝင်းကို ရိုးမတိုက်ဂါးတော်လှန်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here