ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်၏ အမြောက်တပ်ရင်း လက်နက်တိုက် မီးလောင်ပေါက်ကွဲ

0
92

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် KNDF၊ KA၊ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား စက်တင်ဘလ ၂၂ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်နေစဉ် နေ့လည် ၁ နာရီခွဲ အချိန်ခန့်တွင် ကယား (ကရင်နီ) ပြည်၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ၁၀၂ တပ်ရင်း၏ လက်နက်တိုက်မှာ စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု KNDF က ထုတ်ပြန်ချက်များအရ သိရသည်။

ငွေတောင်မြို့ခံ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးက “စစ်တပ်တွေ CDM လုပ်လို့ ကိုယ့်တပ်ကိုယ် ပြန်ရှို့တယ်ဆိုတာ မဟုတ်ပါဘူး။ လွိုင်ကော်ရဲစခန်း ဝင်တိုက်တုန်းကတောင် ရဲတွေက အသေပဲခံသွားတာ။ အခုက စစ်တပ်ဖြစ်နေတာရယ် လက်နက်တိုက်တစ်ခုလုံး ရှို့တယ်ဆိုတာက ပိုမဖြစ်နိုင်ဘူး။ ကျနော်ကိုယ်တိုင် မြင်ရသလောက်ကတော့ အဝေးက လက်နက်ကြီးပစ်ထည့်တဲ့ အသံတစ်ခုကြားတယ်။ အပြင်အဖွဲ့ တစ်ခုဖြစ်မယ်။ ပြီးတော့ KNDF ထပ်ပစ်တော့ ပိုကြီးသွားတယ်။ နေရာအတိအကျဆိုတော့ ဖရဲသီးပါနိုင်တယ်” ဟု ပြောသည်။

ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆက်လက်ဖြစ်ပွားနေသည့် မီးလောင်ကျွမ်းမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နေစဉ်အတွင်း KNDF မှ တာဝေးပစ်လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် လက်နက်ခဲယမ်းများ အဆင့်ဆင့်မီးကူးကာ ညနေပိုင်းအထိ ပေါက်ကွဲနေသည်ဟု KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်တိုင်မီးလောင်နေသည့် ရုပ်သံဖိုင်တဖိုင်လည်း KNDF က စက်တင်ဘာလ ၂၃ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ချက်နှင့်အတူ ဖြန့်ဝေထားသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ ၁၀၂-တပ်ဝန်းအတွင်း၌လည်း စစ်သားများ၏ အော်ဟစ်ဆူညံသံများကို အတိုင်းသားကြားနေရပြီး ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ခပ်လှမ်းလှမ်းမှ မြင်တွေ့ခဲ့သည့် ငွေတောင်ဒေသခံအချို့က ပြောသည်။

ငွေတောင်မြို့ အခြေစိုက် စစ်ကောင်စီတပ်၏ ၁၀၂ အမြောက်တပ်ရင်းမှ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ မိုးဗြဲမြို့ စသည့်နေရာများအတွင်း နေ့စဉ်နီးပါး ပြည်သူအား ပစ်မှတ်ထား၍ ပစ်ခတ်နေသည်ဟု သိရသည်။

၁၀၂ တပ်ရင်း၏ လက်နက်တိုက်မှာ စစ်တပ်အတွက် အရေးပါဆုံးနေရာဟုဆိုနိုင်ပြီး အဆိုပါ တပ်တွင်းရှိ စစ်သားများထဲမှ စတင်မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ယူဆရကြောင်း KNDF ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

KNDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့်လည်း မီးလောင်နေသည့် လက်နက်တိုက် အနီးတွင် မီးငြိမ်းသတ်ရန် ကြိုးစားနေသော စစ်ကောင်စီတပ်သားများကို လက်နက်ကြီးကျည်များဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်သည်ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်တိုက် ပေါက်ကွဲပြီးနောက် ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီတော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။

အထိနာနေသော စစ်ကောင်စီတပ်အနေဖြင့်လည်း တာဝေးပစ်လက်နက်ကြီးများဖြင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ ပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ကြရန် KNDF က သတိပေးထားသည်ကိုလည်း တွေ့ရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here