စစ်ကောင်စီတပ်၏ စက်လှေ ၄ စီး ပစ်ခံရပြီးနောက် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် မိုးစစ်ရွာမှ ကလေးငယ် ၅ ဦးခန့် ထိခိုက်သေဆုံးမှုရှိ

0
84

၂၆ စက်တင်ဘာ ၂၀၂၂

ကချင်ပြည်နယ် ရွှေကူနယ် ကျွန်းတော်ရွာမှ မိုးစစ်ကျေးရွာဘက်သို့ကူးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စက်လှေ ၄ စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး စက်လှေ ၃ စီးနစ်မြှုပ်သွားကာ စစ်ကောင်စီဘက် သေဆုံးသူ ၂၇ ဦးအထက်ရှိနိုင်ကြောင်း သိရသည်။

စစ်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်ဖွဲ့သည် စစ်လှေဖြင့် မိုးစစ်ကျေးရွာဘက်သို့ ကူးလာစဉ် မိုးစစ်ကျေးရွာအနီး ဗိုလ်မိုးကြိုးဦးဆောင်သည့် KPDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု KPDF ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

“မနေ့က အခြေအနေက မော်တော်နဲ့ မြစ်ကူးလာတဲ့အချိန် တဖက်ကမ်းကနေ အပိုင်ပစ်ချတာ။ သေတဲ့သူကသေ သေနတ်တွေတောင်မှ လိုက်ဆယ်ယူနေကြတာတဲ့။ စစ်အင်အားက ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ ၂၀ ကျော်လောက်က အဲ့နေရာမှာတင် သေဆုံးနိုင်တယ်။ သူတို့ရဲ့အလောင်းတစ်ချို့က လိုက်ဆယ်နိုင်တယ်” ဟု ပြောသည်။

စစ်အင်အား အများအပြားပါရှိသည့် စစ်လှေတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၇ ဦးထက်မနည်း ရှိနိုင်မှုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ရုပ်အလောင်း ၅ လောင်းကို ထမ်းပိုးသွားကြသည်ဟု သူကဆက်ဆိုသည်။

ထိုသို့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရသည့်အတွက် မိုးစစ်ကျေးရွာဘက်သို့ တန်ပြန်လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျမှန်ကာ အသက် ၇ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“လက်နက်ကြီးတွေကျတော့ ကလေးတွက ပုန်းကြတာ။ အဲ့ဒီကလေးတွေပုန်းတဲ့နေရာမှာ ကျပြီး ပေါက်ကွဲသွားတယ်” ဟု မိုးစစ်ကျေးရွာ ဒေသခံတစ်ဦး ပြောသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် လက်နက်ကြီးထိမှန် သေဆုံးသွားသည့် ၇ နှစ်သားအရွယ် မောင်ဇွဲနိုင်ဝင်းခေါ်သူဖြစ်သည်။

ထို့နောက် ကလေးငယ် ၄ ဦး ပြင်ထန်ဒဏ်ရာရရှိထားကာ အမျိုးသမီးတစ်ဦးလည်း ခြေတစ်ဖက်ဆုံးရှုံးလိုက်ရပြီး ပြည်သူများ၏ လူနေအိမ်တစ်ချို့ကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် မိုးစစ်ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိနေပြီး လူနေအိမ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မိုးစစ်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတည်ရှိပြီး ရွှေကူမြို့၏ တစ်ဖက်ကမ်းတွင်ရှိသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here