ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ရွာသစ်ပိုင်းလမ်းထိပ်တွင် ကင်းစောင့်သည့် ပြည်သူ့စစ်အဖွဲ့ ပစ်ခံရ၊ တစ်ဦးသေဆုံး

0
180

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ရွာသစ်ပိုင်းလမ်းထိပ်တွင် ကင်းစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့ကို အမည်မသိ သေနတ်သမား ၄ ဦး က ဆိုင်ကယ် ၂ စီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။

”ကင်းစောင့်နေတဲ့ ပြည်သူ့စစ်တွေကို သေနတ်သမားတွေက လာပစ်သွားတယ်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးအာ စိန်ကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်” ဟု ကျွဲခြံ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးတက်နိုင် (ခ) ဦးအာစိန်ဆိုသူ အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားပြီး အဖွဲ့ဝင် ၂ ဦး ဖြစ်သည့် ဦးသန်းစိုးနှင့် ဦးစိုးသန်းတို့က ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေရပြီး ၁ ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရသည့်အခြေအနေတွင် ရှိနေသည်ဟုလည်း သိရသည်။

ကျွဲခြံကျေးရွာတွင် ကင်းစောင်နေသည့် ပြည်သူ့စစ်အဖွဲ့ စက်တင်ဘာ ၆ ရက်နေ့၊ ည ၈ နာရီကျော်အချိန်ခန့်က ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခဲ့ရသည့်ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး အခင်းဖြစ်သည့်နေရာအနီးက ဒေသခံ အမျိုးသားတစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့တုန်းကလည်း ပေါင်မြို့မရဲစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့များက ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here