စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော ဘိုကလေးမြို့နယ် ဒေသခံတစ်ဦး အဆက်အသွယ်မရဘဲဖြစ်နေ

0
77

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာက အသက် ၅၀ နှစ် အရွယ်၊ ဦးဝင်းဌေးဆိုသူကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးသွားခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက ပြောသည်။

“ဖမ်းသွားတာ လေးရက်ကျော်ရှိနေပြီ။ ရဲစခန်းမေးတော့လည်း သူတို့ဖမ်းတာ မဟုတ်ဘူးပြောတယ်။ စစ်တပ်က ရိုက်နှက်နှိပ်စက်လို့ သေသလား ရှင်နေသေးလား ဘယ်မှာမှန်းမသိတော့ စိုးရိမ်တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က မြင်းကကုန်းရွာတွင်နေထိုင်သူ ဦးဝင်းဌေးကို ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးပြီး အဝီစိတွင်းတူးစဉ်က ပိုကျန်နေသည့် PVC ပိုက်ဖြတ်စ အနည်းငယ်ကိုပါ တွေ့ရှိသိမ်းဆည်းသွားသည်ဟု သိရသည်။

ဦးဝင်းဌေးကို ဖမ်းစဉ်က စစ်သားနှင့် ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်ရှိပြီး အိမ်အတွင်းဘက်နှင့် အိမ်အပြင်ဘက်ရှိ ကျေးရွာထဲမှ အခြားသော အိမ်များကိုလည်း သေနတ်များဖြင့် ချိန်ထားသည့်အတွက် ရွာသားများမှာ အနားပင် မကပ်ရဲကြဘူးဟု ရွာခံအချို့က ပြောသည်။

ဖမ်းဆီးခံရသည့် ဦးဝင်းဌေးသည် ကျေးရွာအတွင်းက စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး NLD ပါတီ ထောက်ခံအားပေးသူဖြစ်သော်လည်း နိုင်ငံရေးတွင် ထဲထဲဝင်ဝင်ဝင် ပါဝင်လှုပ်ရှားသူမဟုတ်ဘူးဟု ဒေသခံ NLD ပါတီဝင်များ၏ ပြောပြချက်အရ သိရသည်။

“သူက နိုင်ငံမှာ ထဲထဲဝင်ဝင် လှုပ်ရှားသူလည်း မဟုတ်ဘူး။ ဒါပေမယ့် စီးပွားပြိုင်က စစ်တပ်နဲ့ ပနာရတဲ့သူဗျ။ နောက်ပြီး ဦးဝင်းဌေးက ပြေလည်တော့ တပ်က ငွေညှစ်ချင်လည်း ဖြစ်နိုင်တယ်” ဟု မြင်းကကုန်းရွာက ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်က ဒေသခံ ၁၉ ဦးကို စစ်ကာင်စီတပ်ဖွဲ့ဝင်များက PDF များဟု စွပ်စွဲဖမ်းဆီးထားသည်ဟု သိရသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်အချို့မှာ စက်တင်ဘာလဆန်းပိုင်းတွင် ရန်ကုန်တိုင်း၊ အလုံမြို့နယ်အတွင်း ပစ်ခတ်ဖမ်းဆီးခံရသည်များလည်းရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here