ဖားအံမြို့တွင်းနှင့် လူပြတ်သည့် မြို့ပြင်လမ်းများတွင် အသွင်ယူ အုပ်စုဖွဲ့ လုယက် အနုကြမ်းစီးမှုများ ပိုမိုအဖြစ်များလာ

0
66

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် မြို့အနီးဝန်းကျင် လူသွားလူလာ ပြတ်တောက်သည့် လမ်းများပေါ်တွင် ခရီးသွားပြည်သူများကို ပုံစံမျိုးစုံဖြင့် အသွင်ယူအုပ်စုဖွဲ့ လုယက်မှုများ၊ အနုကြမ်းစီးမှုများ ယခင် ဩဂုတ်လကစ၍ ပိုမိုအဖြစ်များလာကြောင်း မြို့ခံလူထုများက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ဖားအံ-နောင်လုံတောင်ကြားလမ်းတွင် သမီးရည်စား နှစ်ဦးပါကားတစ်စီးကို မူယစ်ဆေးဝါး စစ်ဆေးမည့်ပုံစံအသွင်ယူ၍ ယူနီဖောင် အနက်ရောင် ဝတ်ဆင်ထားသည့် လူလေးဦးပါကားတစ်စီးက ရပ်တန့်စစ်ဆေးသည့်ပုံစံဖြင့် သမီးရည်စားနှစ်ဦးတွင် ပါရှိသော ကား၊ ပိုက်ဆံအိတ်နှင့် ဖုန်းများကို လုယူသွားသလို ကာယကံရှင်များကိုလည်း ကိုယ်ထိလက်ရောက် အဓမ္မကား အတွင်း ဆွဲခေါ်သွားရန် ကြိုးပမ်းခဲ့သည်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မြို့ခံလူငယ်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “လုယက်မှုက နေ့တိုင်းလိုလိုဖြစ်နေတာ။ နောင်လုံတောင်ကြားဖြစ်စဉ်က သူတို့ ပြောပြပုံအရ ယူနီဖောင်းအနက် ပုံစံဝတ်ပြီးတော့ မူးယစ်စစ်ဆေးပုံစံလို အသွင်ယူပြီးလုပ်တာ။ မူးယစ်စစ်ဆေးအဖွဲ့က ပုံမှန်ဆို ၁၀ ယောက် နီးပါးလောက် စုပြီး စစ်ကြတာ။ မနေ့က ၄ယောက်ထဲ ပုံမှားရိုက်ပြီး လုပ်သွားတာ။ ဖားအံ တက္ကသိုလ်လမ်းလည်း မနေ့က တစ်ခုဖြစ်သေးတယ်။ မီးပွိုင့်မိနေတဲ့ အချိန်မှာ ဖုန်းလုသွားတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က လုယက်မှု၊ အသွင်ယူ အနုကြမ်းစီးမှုဖြစ်စဉ်များအပြင် ဖားအံမြို့၏ သံလွင်မြစ်အနောက်ခြမ်း ကျေးရွာများတွင်လည်း နေအိမ်ဝန်းတွင်းအထိ ဆိုင်ကယ်ဝင်ရောက်ခိုးယူခံရသည့် ဖြစ်စဉ်အများအပြား ဖြစ်ပွားနေကြောင်းလည်း အဆိုပါ မြို့ခံ လူငယ်တစ်ဦးက ဆက်ပြောသည်။

သို့သော် လက်ရှိတွင် ဖားအံမြို့တွင်း မြို့ပြင် လမ်းများတွင် စစ်ကောင်စီ၏ လုံခြုံရေး တပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးကင်းချ စစ်ဆေးမှုများ၊ ကင်းလှည့်စစ်ဆေးမှုများ ရှိနေသည့် ကြားကပင် ယခုလို လုယက်မှု နှင့် အနုကြမ်းစီးမှုများပိုမို အဖြစ်များလာခြင်းဖြစ်ပြီး မြို့ခံလူထုများအနေဖြင့် အပြင်များ သွားလာပါက သတိထား သွားလာကြရန် အချင်းချင်း သတိပေးပြောဆိုမှုများကိုလည်း လူမှုစာမျက်နှာတွင် ဖော်ပြသတိပေးကြသည်။

လူပြတ်သည့် လမ်းများကို ဖြတ်သန်းသွားလာပါက မျက်နှာစိမ်း လူများကို သတိထားကြရန်နှင့် အထူးသဖြင့် အမျိုးသမီးများ ဆိုင်ကယ်ဖြင့် သွားလာပါက မိမိ အိတ်များ၊ တန်ဖိုးကြီး ပစ္စည်းများဝတ်ဆင်းခြင်းများကို သတိထား ဆင်ခြင်ရန်အပြင် ကားဖြင့်သွားလာပါကလည်း ကားတံခါး Lock ချမောင်းနှင်ရန်နှင့် တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အဖော်များဖြင့် သွားလာကြရန် အချင်းချင်း သတိပေးနှိုးဆော်ကြကြောင်း တွေ့ရသည်။

ထို့အပြင် ယခုလများအတွင်း စစ်ကောင်စီမှ မြို့တွင်း ရပ်ကွက်နေအိမ်များတွင် ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိပြီး ထိုသို့လုပ်ဆောင်ရာတွင် အရက်သေစာများ သောက်သုံးထားပြီး အမျိုးသမီး သီသန့်နေထိုင်သည့် နေအိမ်များအတွက် လုံခြုံမှုမရှိကြောင်းနှင့် မြို့တွင်း မလုံခြုံမှုများ ပိုမိုခံစားလာရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ဟိုတစ်နေ့က အပြင်ထွက်တာ ဦးလေးကြီး တစ်ယောက်က စက်ဘီးစီးလာတာကို လမ်းဖမ်းမလို လုပ်သေး တယ်။ ပြီးတော့ ဧည့်စာရင်းစစ်ရင် ဖုန်းတွေပါ စစ်တော့ ကိုယ့်အဆောင်နဲ့ ကိုယ် အိပ်တာတောင် စိတ် မလုံခြုံဘူး။ ဒါတောင် ဧည့်စာရင်း သေချာ တိုင်ထားတဲ့ သူတွေ။ အရက်နံ့ တစ်ထောင်းထောင်းနဲ့ ဧည့်စာရင်း လိုက်စစ်တာဖြစ်တဲ့အတွက် အမျိုးသမီး တစ်ယောက်ထဲနေတဲ့အိမ်ဆို safe မဖြစ်ဘူး“ ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကော့ကရိတ်မြို့နယ်တွင်လည်း ပြီးခဲ့သည့် လများတွင် လုယက်မှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သေးပြီး မြန်မာနိုင်ငံတွင် ယခင်နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်များ၊ မတရားအနိုင်ကျင့်လုပ်ဆောင်မှုများအပြင် လက်နက်ကိုင် တော်လှန်မှုများပိုပြင်းထန်လာပြီး နိုင်ငံ၏ ငွေကြေးတန်ဖိုးကျဆင်းမှု၊ စီးပွားရေး၊ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပြိုလဲပျက်စီးမှုများနှင့် ကုန်စျေးနှုန်း အဆမတန် ကြီးမှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လုယက်မှု၊ ခိုးမှုများ၊သတ်ဖြတ်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here