သျှမ်း/တောင်ပိုင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နာယက စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် သေဆုံး

0
144

၇ စက်တင်ဘာ ၂၀၂၂

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယကဖြစ်သည့် ကိုအောင်ဇော်ဦးသည် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကိုအောင်ဇော်ဦးကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ်လ ၈ ရက်တွင် အေးသာယာမြို့ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ကိုအောင်ဇော်ဦးသည် စစ်ကြောရေး စခန်းတွင် ရရှိခဲ့သည့်ဒဏ်ရာဖြင့် ယနေ့ (စက်တင်ဘာ ၆) ရက် အသက် ၄၀ နှစ်အရွယ်တွင် သေဆုံးသွားကြောင်း အမည်မဖော်လိုသူ တောင်ကြီးမှ နိုင်ငံရေးသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကြောရေးဒဏ်ကြောင့်မလို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဆေးရုံတင်ထားရတာပေါ့။ ဒီနေ့မနက်မှာပဲ ဆုံးသွားပြီ။ ခြေထောက် ၂ ချောင်းကျိုးတယ်။ နံရိုး ၃ ချောင်းကျိုးတယ်” ဟု ၎င်းကပြောသည်။

ကိုအောင်ဇော်ဦးသည် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထောင်ကျဖူးခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။

အလားတူ ကိုအောင်ဇော်ဦးနှင့်အတူ SSPDF/TPDF မှ ရဲဘော်များဖြစ်သည့် အောင်နိုင်ဖြိုး၊ စိုင်းထက်ဟိန်းကျော်၊ လင်းကိုကို၊ ဖြူဖြူစံ၊ ကေသီစိုးနှင့် ဖြိုးမြတ်သွယ်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးထဲတွင် ပါဝင်လာပြီး SSPDF/TPDF တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် သြဂုတ် ၂၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ကိုအောင်ဇော်ဦးကို နာယကအဖြစ် ခန့်အပ်ခဲ့သည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here