ဒီးမော့ဆိုမြို့နယ်အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်များ ပျက်စီး

0
234

၃၀ သြဂုတ် ၂၀၂၂

ဒီးမော့ဆိုမြို့နယ်အတွင်း ဩဂုတ်လ ၂၉ ရက်ညပိုင်း ၉ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်း ကျရောက်ခဲ့တဲ့အတွက် နေအိမ်ပျက်စီးခဲ့ပြီး တိရိစ္ဆာန်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်း ကျေးရွာတစ်ရွာကို လက်နက်ကြီး၃လုံးကျရောက်ခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် နေအိမ်နှစ်လုံးပျက်စီး၊ နွားနှစ်ကောင်ဒဏ်ရာရ တစ်ကောင်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ဖက်ခြမ်း ရွာခံ အမျိုးသားတစ်ဦးက “အနည်းဆုံးက ဒီရွာက နှစ်ပတ်တစ်ကြိမ် သုံးပတ်တစ်ကြိမ်တော့ထုလာခဲ့တယ် လက်နက်ကြီး။ ရွာက အနည်းဆုံး အိမ်အိုးတွေ ပျက်သွားတာများနေပြီ။ ဘုရားကျောင်းတွေ ဓမ္မရုံတွေ စပါးကျီတွေ ဝက်ခြံတွေ နွားခြံတွေ အိမ်တွေက တော်တော်လေးပျက်နေခဲ့ပြီ။ အကြိမ်ပေါင်းက တစ်ခေါက်တစ်ခေါက်ကျတာက ၃၊ ၄ လုံးရှိတယ် ၆ လုံး ၇ လုံးလားရှိတယ် တစ်ခေါက်တစ်ခေါက်က အများအားဖြင့် ၇ လုံးတစ်ခေါက်တော့ ကျခဲ့တယ်။ နောက်အနည်းဆုံးက နှစ်လုံးအထက်ပေါ့ ကျတယ်။ နောက် ကျပေါင်းအလုံးက အလုံး ၃၀ထက်တောင်ရှိနေပြီ။ ဒီ ကျနော်တို့ရွာမှာတော့ ကျတာက အကြိမ်ပေါင်းက အနည်းဆုံးက ၆ကြိမ်လောက်ရှိပါတယ်။ အဲ့ ၆ ကြိမ်ထဲမှာ အလုံးရေပေါင်းက ၃၀ ကျော်လောက်ရောက်လာခဲ့တယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့မည်သည့်တပ်ရင်းက ပစ်ခတ်ခဲ့တာကိုတော့ မသိရှိရဘူးလို့ ပြောပါတယ်။ အလားတူ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာလည်း ယမန်နေ့ ည ၉ နာရီခွဲအချိန်မှာ လက်နက်ကြီး ကျေးရွာထဲကျရောက်မှုကြောင့် လူနေအိမ်ပျက်စီးခဲ့ရပါသေးတယ်။ ၈၁ မမ လက်နက်ကြီးအမျိုးအစားနဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျတဲ့နေရာရဲ့ အနီးအနားမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိတ်လန့်မှုကြောင့် လမ်းတောင် ကောင်းကောင်းမလျောက်နိုင်တော့ဘူးလို့ ပြောပါတယ်။

“အိမ်မှာပဲ အိပ်တယ်။ ပစ်တဲ့ အသံကြားကြားချင်းပဲ ဟုန်း..ဆို မီးတောက်ကြီး ထွက်လာတယ်။ကျပြီး အနီးအနားမာ ကျပြီးဆိုပြီးတော့ စောင်တွေပိုက်ပြီး ပုန်းခိုကျင်းထဲ ပြေးဝင်မလို့ ကြောက်လွန်းလို့ လမ်းတောင် မလျောက်နိုင်တော့ဘူး။တစ်ညလုံးလည်း အိပ်မပျော်တော့ဘူး” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို မကြာခဏ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာထဲကို ကျရောက်တာ ၆ ကြိမ် လောက်ရှိပြီလို့ သိရပါတယ်။

ဒေသခံတွေ အနားယူအိပ်စက်တဲ့အချိန်ပစ်ခတ်တာဖြစ်တဲ့အတွက် ကျေးရွာထဲနေလို့မရအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နေအိမ်အများအပြားပျက်စီးမှုအပြင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ခြေထောက်တစ်ဖက် ဆူံးရှုံးလိုက်ရတာ ရှိပါတယ်။

မော်မီမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here