စာသင်ကျောင်းရှေ့အထိ စစ်ကောင်စီ လက်နက်ကြီးကျရောက်နေသဖြင့် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကျောင်း နေ့တစ်ပိုင်းသာ ဖွင့်လှစ်

0
79

၃၀ သြဂုတ် ၂၀၂၂

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ သြဂုတ်လအတွင်း ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင်ကျောင်းတစ်ကျောင်းရှေ့မှာ လက်နက်ကြီးကျခဲ့ပြီးနောက် လက်ရှိမှာတော့ မနက်နေ့တစ်ပိုင်းသာ ကျောင်းဖွင့်လှစ်တော့တယ်လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ကျောင်းဆရာမတစ်ဦးက “ကျွန်မတို့ကဘာတွေစိုးရိမ်နေရလဲဆိုရင် အထူးသဖြင့်က လက်နက်ကြီးပေါ့နော။ ကျောင်းသာတက်နေရပေမယ့် လက်နက်ကြီးကဘယ်ချိန်ဘယ်နေရာမှာ အဲ့မျိုးလာမလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့်ပေါ့နော။စိုးရိမ်မှုတွေအများကြီးနဲ့ကျွန်မတို့ကစာဆက်သင်နေရတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ရဲ့ ကလေးလည်း ပညာရေးမနှောင့်နှေးစေရန်အတွက် လုံခြုံမှုမရှိပေမယ့်လည်း စိုးရမ်မှုတွေအများကြီးရှိပေမယ့်လည်း ကျွန်မတို့ကကြိုးစားပြီးတော့ ဆက်လက်သင်ကြားပေးနေတယ်ပေါ့နော”

ကျောင်းရှေ့မှာ လက်နက်ကြီးကျခဲ့ပြီးနောက် ကျောင်းအမိုးလည်း ပေါက်ပြဲသွားတယ်လို့ ဆိုပါတယ်။

ကျောင်းပိတ်ရက်အတွင်းကျခဲ့တာဖြစ်လို့ လူအထိအခိုက်တော့မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင်စာသင်ကျောင်းမှာ တက်ရောက်ကြတဲ့ ကျောင်းသားပေါင်း (၃၀၆) ဦးရှိခဲ့ရာ လက်နက်ကြီးကျပြီးနောက်ပိုင်း (၂၂၂) ဦးသာ ကျောင်းလာတက်တော့တယ်လို့ ကျောင်းဆရာတွေထံကနေ သိရပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ်နဲ့ သြဂုတ်လအတွင်း အဲ့ဒီစစ်ရှောင်စခန်းမှာ လက်နက်ကြီး ၇လုံးထက်မနည်းကျရောက်ခဲ့ပြီး ၁၀ နှစ်အရွယ် Grade-3 ကျောင်းသားတစ်ဦးဒဏ်ရာရခဲ့သလို ၁၃ နှစ်အရွယ် Grade-7 ကျောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားထိခိုက်သေခုံးမှုလည်းရှိခဲ့ပါတယ််။

စစ်ကောင်စီက စစ်ရှောင်စခန်းတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေအကြာခဏပြုလုပ်ခဲ့တဲ့အတွက်စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး ထပ်မံကျရောက်မှာ စိုးရိမ်တဲ့အတွက် ကျောင်းကို တစ်ပတ်ပိတ်ထားရတာတွေလည်း ရှိခဲ့ပါတယ်။

စစ်ဘေးရှောင်စခန်းအပြင် ကျေးရွာအတွင်း စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုက ဩဂုတ်လအတွင်း ၁၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့စာရင်းအရ သိရပါတယ်။

မော်မီမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here