ရေဖြူမှာ ရဲနဲ့ပျူစောထီးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရ

0
145

၂၂ သြဂုတ် ၂၀၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ -ကံပေါက်ကားလမ်း မိုင် ၄၀ အနီးမှာ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ပျူစောထီးအဖွဲ့တွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၁၉ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က ရေဖြူမြို့နယ်ကို အစည်းအဝေးလာတဲ့ ကံပေါက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ယပနဲ့ဇာဒီကျေးရွာက ပျူစောထီးအဖွဲ့ဝင် ၆ ယောက်နီးပါး လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတွေက သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကံပေါက်ရဲစခန်း ဒု-ရဲအုပ်အပါအဝင် ပျူစောထီးအဖွဲ့ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို စစ်ကောင်စီဘက်က လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ဘယ်အဖွဲ့အစည်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လဲဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရေဖြူမြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီ ယာဉ်တန်းတွေလည်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသလို မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့တဲ့ အနီးနားကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here