ကေအဲန်ယူနယ်မြေအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွား၊ အာဏာသိမ်းစစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူ ၃၀၀ ကျော်အထိ ရှိဟုဆို

0
164

ဩဂုတ်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်

ပြီးခဲ့သည့် ဇူလိုင်လ တစ်လအတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေအတွင်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်း တပ်ဖွဲ့နှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ အကြား တိုက်ပွဲပေါင်း (၂၅၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှု ၃၀၀ ကျော်ရှိခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်ထားသည်။

ဇူလိုင်လ တစ်လအတွင်း ကေအဲန်ယူ တပ်မဟာနယ်မြေ (၇) ခုရှိသည့်အနက် တပ်မဟာနယ်မြေ (၆) ခုတွင် နယ်မြေအလိုက် တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေး နှင့် နှစ်ဖက် ထိခိုက်သေဆုံးမှု အရေးအတွက်များကို ကေအဲန်ယူ ဘက်က စုပေါင်း ထုတ်ပြန်ထားရာတွင် နှစ်ဖက် တိုက်ပွဲပေါင်း(၂၅၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃၈၆) ဦး သေဆုံးခဲ့ပြီး (၂၈၀) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကေအဲန်ယူဘက်မူ ၁၂ ဦးကျဆုံးကာ ၂၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အသေးစိတ်ထုတ်ပြန်ထားသည်။

အလားတူ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ကျေးရွာအတွင်း ပစ်မှတ်ထား ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ အရပ်သား ၁၉ ဦး ထိခိုက်သေဆုံးခဲ့ကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ၏ လစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီးနယ်မြေအလိုက် တိုက်ပွဲ ဖြစ်ပွားမှုတွင် ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲကြီးငယ် အကြိမ်ရေး (၁၁၀) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉၅) ဦးထိခိုက်သေဆုံးခဲ့ပြီး နယ်မြေအလိုက် တိုက်ပွဲဖြစ်ပွားမှုစာရင်းအရ တပ်မဟာ (၅) နယ်မြေတွင် အကြိမ်ရေ အများဆုံးနှင့် စစ်ကောင်စီ ထိခိုက်သေဆုံးမှု အမြှင့်ဆုံးဖြစ်ပွားခဲ့သည်။

ထို့အတူ ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေတွင် ဒုတိယတိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး တပ်မဟာ (၄) နယ်မြေတွင်မူ တိုက်ပွဲ ဖြစ်ပွားမှု (၁၄) ကြိမ်ဖြင့် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးဒေသဖြစ်ခဲ့ကာ တပ်မဟာ (၇) နယ်တွင်မူ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ အချိန်ထိ တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။

ထိုသို့ ကေအဲန်ယူနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှလည်း စစ်ရေး ပိုမိုလှုပ်ရှာခြင်းနှင့် အင်အားဖြည့်တင်းမှုများ ပိုမိုလုပ်ဆောင်လာခဲ့သလို တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူပေါင်း သိန်းနှင့်ချီ ရှိနေပြီး လက်ရှိအချိန်သည့် လုံလောက်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရရှိကြသေးကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here