တောင်ကြီးစဝ်စံထွန်းဆေးရုံမှ အမျိုးသမီးဝန်ထမ်းတစ်ဦး ဖမ်းခံရ၊ ခံဝန်ထိုးခိုင်းပြီး စစ်ကောင်စီက ပြန်လွှတ်

0
154

၈ သြဂုတ် ၂၀၂၂

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ အမျိုးသမီးဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခံရပြီးနောက် ငွေကြေးပေးပြီး ခံဝန်လက်မှတ်ရေးထိုးကာ ပြန်လည်လွှတ်ပေးကြောင်း စုံစမ်းသိရသည်။

သြဂုတ် ၆ ရက် ည ၄ နာရီဝန်းကျင်တွင် အဆိုပါ အမျိုးသမီးဝန်ထမ်းကို အရပ်ဝတ်စစ်ကောင်စီများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယမန်နေ့ သြဂုတ် ၇ ရက်မှာ ခံဝန်ထိုးပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“မနေ့က သူတို့ ပြန်လွှတ်ပေးလာပြီ။ ခံဝန်ထိုးခိုင်းတယ်။ ပြီးတော့ ငွေကြေးလည်းပေးရတယ်။ ဘယ်လောက်ပမာဏပေးရလဲတော့ မသိရဘူး” ဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးသည် (ပန်ဆယ်လို) ပိုစ့်အောက်တွင် ကော်မန့်ဝင်ရေးသားသောကြောင့် အရပ်ဝတ်စစ်ကောင်စီ ၂ ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တောင်ကြီးဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပန်ဆယ်လို ပိုစ့်အောက်မှာ (ပျော်တယ်ဝေ့) ဆိုပြီး မန့်လို့၊ အဲ့မှာတင်ပြီး မကြာဘူးဖမ်းသွားတယ်။ သူက အလုပ်သမား နေ့စားလပေးနဲ့ဝင်တာ၊ အလုပ်ဝင်တာ မကြာသေးဘူး။ လူနှစ်ယောက်လာတယ် မေးစရာရှိတယ်ပြောပြီး ဖမ်းသွားတယ်” ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် (Social Media) အွန်လိုင်းပေါ်တွင် နိုင်ငံရေးနှင့်ပတ်သက်သော ပိုစ့်များဖြစ်စေ၊ မိမိအပျော်သဘောဖြင့် ဆယ်လီပိုစ့်အောက်တွင် မန့်သည်ဖြစ်စေ နေရာတိုင်းတွင် သတင်းပေးဒလန်များရှိနေသောကြောင့် မိမိတို့လုံခြုံရေးအတွက် သတိထားရန်လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“အဓိက ပြောချင်တာက ပြည်သူတွေသတိထားဖို့နဲ့ ဆယ်လီတွေရဲ့ ပိုစ့်အောက်မှာ မန့်တာ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ့်ဘေးမှာ ဒလန်တွေကို သတိထားဖို့၊ မတရားဖမ်းနေရတာများလာတော့ (Social Media) ကို သတိထားသုံးဖို့ လိုအပ်ပါတယ်“ ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် သြဂုတ် (၂) ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲတွင် လူစုဝေးခြင်း၊ လူ ၅ ဦးထက်ပိုပြီး လူမစုရခြင်း၊ ည ၁၂ နာရီမှ မနက် ၄ နာရီထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ ကို ထပ်မံထုတ်ပြန်ကြေညာခဲ့သည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here