“တော်လှန်ရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ လုံခြုံစွာပြုလုပ်နိုင်ဖို့၊ NUG အစိုးရရဲ့ ရန်ပုံငွေရှာတဲ့ အစီအစဉ်တွေကို အထောက်အပံပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ နိုင်ငံခြားငွေကို တိုက်ရိုက်ငွေလဲနိုင်မှာဖြစ်ပါတယ်” Sumbu-NUG pay တာဝန်ရှိသူတစ်ဦး

0
162

Sumbu-NUG pay တာဝန်ရှိသူတစ်ဦးနှင့် အမေးအဖြေ

၂၂ ဇူလိုင် ၂၀၂၂

NUG အစိုးရရဲ့ NUG Pay အစီစဉ်မှာ ကချင်ဒေသအတွက် ကြားကာလကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Kachin Political Interim Coordination Team-KPICT) က ဦးဆောင်ပြီး စတင်နေပြီဖြစ်ပါတယ်။ ဒီအစီစဉ်ကို ကချင်လို Sumbu နာမည်နဲ့ လိုင်ဇာမြို့မှာ အကောင့်တွေကို စတင်ဖွင့်လှစ်ပေးနေပြီ ဖြစ်တဲ့အကြောင်း တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ Sumbu သို့မဟုတ် NUG Pay အပလီကေးရှင်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ဒီ ပိုက်ဆံအိတ်က KPICT ရဲ့ လုပ်ငန်းအဖွဲ့ဝင်တစ်ခုလည်း ဖြစ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနကနေပြီးတော့ NUG Pay အစီအစဉ်နဲ့ ငွေကြေးလည်ပတ်မှုတွေ ပြုလုပ်လာတဲ့အတွက်ကြောင့် KPICT အနေနဲ့ရော NUG Pay ရဲ့အစီအစဉ်မှာ ကချင်ဒေသအတွင်းမှာ NUG pay ကို အသုံးပြုသွားဖို့ ရည်ရွယ်ပြီး အလုပ်အဖွဲ့ဝင်တွေ ဖွဲ့ပြီးတော့ လုပ်ငန်းစတင်လာတာ ဖြစ်တယ်။

မေး။ ပြည်သူတွေအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ ပါဝင်လို့ရတယ်ဆိုတာကို ဆက်ပြီး ပြောပြပေးပါ။

ဖြေ။ NUG Pay ကနေခွဲပြီး လုပ်ငန်းစတင်တဲ့အတွက် KPICT အနေနဲ့ NUG Pay ရဲ့ ငွေကြေးလည်ပတ်မှုနဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ငန်းကို အထောက်အပံ့ပေးဖို့နဲ့ ကချင်ဒေသအတွင်းမှာလည်း လည်ပတ်လာဖို့ ဖြစ်တယ်။ NUG Pay ရဲ့ ပထမဆုံး distributer ကိုတာဝန်ယူထားတဲ့ အဖွဲ့တစ်ခုအနေနဲ့ Sumbu မှာ ကျွန်မတို့ဒေသမှာ အေးဂျင့်တွေရှိလာဖို့ စီစဉ်ရမယ်။ ပြည်သူတွေအနေနဲ့ NUG Pay ကို အသုံးပြုမယ်ဆိုရင် ကျွန်မတို့ကိုဆက်သွယ်ပြီး နီးစပ်ရာ အေးဂျင့်တွေနဲ့အတူ sumbu ရုံးကိုဆက်သွယ်ပြီး အကောင့်တွေကို ဖွင့်လို့ရမှာဖြစ်တယ်။ အခုချိန်မှာ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ banking system တွေက ပြည်သူတွေရဲ့ ငွေလွဲငွေထုတ်တွေကို စစ်ဆေးတာတွေများတယ်၊ လုံခြုံမှုလည်းမရှိဘူး။ NUG Pay ကနေတစ်ဆင့် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံစွာနဲ့ လွတ်လွတ်လပ်လပ်ငွေလွဲ ငွေထုတ်နိုင်မှာဖြစ်တယ်။

အကောင့်ဘယ်လိုဖွင့်ရမလဲဆိုတော့ လိုင်ဇာမြို့ KPICT ရုံးကို ကိုယ်တိုင်လာရောက်ပြီး အကောင့်ဖွင့်နိုင်တယ်။ တရားဝင် Sumbu Facebook စာမျက်နှာလည်းရှိတယ်၊ NUG Pay အကောင့်ဖွင့်ဖို့ Facebook ကို ဆက်သွယ်ပြီးလုပ်နိုင်သလို၊ တစ်ခြား သတင်းအချက်အလက်တွေကို မေးမြန်းနိုင်ပါတယ်။ မကြာမှီအချိန်အတွင်းမှာ Facebook စာမျက်နှာကိုလည်း blue mark ရအောင်လုပ်သွားဖို့ရှိတယ်။ [email protected] အီးမေးလ်ကတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။ Sumbu အေးဂျင့်ရှိလာအောင်လည်း ကြိုးစားသွားမယ်။ Sumbu ကနေငွေသွင်း ငွေထုတ်လုပ်မယ်ဆိုရင် Kpict ရုံးကိုလာရောက်ပြုလုပ်နိုင်သလို၊ အီးမေးလ်၊ အေးဂျင့်တွေကနေတစ်ဆင့်လည်း ပြုလုပ်နိုင်မှာဖြစ်တယ်။ NUG Pay ကိုအသုံးပြုတဲ့ လူဦးရေများလာတာနဲ့ ပိုပြီးခိုင်မာလာမှာဖြစ်တယ်။ Digital Myanmar Kyat နည်းစနစ်ကို အသုံးပြုထားတဲ့အတွက်ကြောင့် မြန်မာငွေတန်ဖိုးနဲ့ ပိုက်ဆံအိတ် ထဲမှာရှိတဲ့ ငွေတန်ဖိုးက အတူတူဖြစ်ပြီး အသုံးပြုလို့မှာဖြစ်တယ်။

မေး။ တစ်ခြားဘယ်နေရာတွေမှာ အသုံးပြုလို့ရပါသလဲ။

ဖြေ။ အခုချိန်ကတော့ NUG Pay ရဲ့ Pilot test အချိန်ကာလဖြစ်တယ်၊ တစ်စုံတစ်ရာအခက်အခဲတွေရှိလာရင် ပိုကောင်းအောင် တိုးမြင့်လုပ်ဆောင်သွားဖို့ရှိပါတယ်။ အကောင့်တစ်ခုဖွင့်ဖို့ ၁၀၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ NUG Pay ရဲ့အဓိကရည်ရွယ်ချက်ကတော့ NUG Pay အသုံးပြုသူအချင်းချင်း ငွေလွဲ၊ ငွေထုတ်ပြုလုပ်နိုင်ဖို့၊ ကုန်ရောင်းကုန်ဝယ် ပြုလုပ်ချိန်ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ဖို့၊ ပြည်ပနိုင်ငံများမှ ငွေလွဲခြင်းကို ရာခိုင်နှုန်း နည်းနည်းနှင့် ငွေလွဲ ငွေထုတ်ပြုလုပ်နိုင်ဖို့၊ တော်လှန်ရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ လုံခြုံစွာပြုလုပ်နိုင်ဖို့၊ NUG အစိုးရရဲ့ ရန်ပုံငွေရှာတဲ့ အစီအစဉ်တွေကို အထောက်အပံပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ နိုင်ငံခြားငွေကို တိုက်ရိုက်ငွေလဲနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်မတို့ နိုင်ငံခြားငွေတွေကို ငွေလွဲနှုန်းမြင့်မားစွာနဲ့ လဲယူနေရတယ်။

မေး။ ပြည်သူတွေအနေနဲ့ အသုံးပြုမယ်ဆိုရင် ဘယ်လောက်ထိ လုံခြုံမှုပေးနိုင်မလဲ။

ဖြေ။ အကောင့်ပြုလုပ်တဲ့အခါ password နဲ့ ကုတ်နံပါတ်ကို မှတ်ထားရမှာဖြစ်တယ်။ တစ်ကယ်လို့ အပြင်ထွက်တဲ့အခါ အပလီကေးရှင်းကို ခဏဖျက်လိုက်ပြီး လုံခြုံတဲ့နေရာရောက်လို့အကောင့်ပြန်ဝင်မယ်ဆိုရင် ကုတ်နံပါတ်နဲ့ ပြန်ဝင်လို့ရမှာဖြစ်တယ်။ တစ်ကယ်လို့အကောင့်ကို ဖျက်လိုက်တော့မယ်ဆိုရင် customer service ကိုဆက်သွယ်ပြီး ပြုလုပ်နိုင်မှာဖြစ်တယ်။

မေး။ Sumbu နဲ့ပတ်သက်ပြီး ဘယ်လိုအဖွဲ့အစည်းကို အဓိကကူညီဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ။ KPICT အဖွဲ့အစည်းက ကချင်တိုင်းရင်းသားလူမျိုးတွေနဲ့ အခုချိန်တော်လှန်ရေး ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးနေတယ်။ ကြားကာလအစိုးရနဲ့ လက်တွဲပြီး လုပ်ငန်းများကို လုပ်ဆောင်နေတာ ဖြစ်တယ်။ sumbu လည်း လုပ်ငန်းတစ်ခုဖြစ်တယ်။ အခုချိန်ကြားကာလ အစိုးရအနေနဲ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ပြည်သူတွေရဲ့ အခက်အခဲများကို တတ်နိုင်သလောက်ဖြေရှင်းပေးနေချိန် ဖြစ်တယ်။

မေး။ ဘယ်အချိန်ကစပြီး ပြည်သူတွေကို ဒီအပလီကေးရှင်းနဲ့ မိတ်ဆက်သွားမှာလဲ။ ပြီးတော့ ဒါက နိုင်ငံရေး ပြန်လည်ကောင်းမွန်လာလို့ရှိရင် ဆက်လက်အသုံးပြုသွားမှာလား၊ ဘယ်လိုလဲ။

ဖြေ။ အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့ နိုင်ငံကို အုပ်ချုပ်ဖို့အခက်အခဲဖြစ်နေချိန် Central Bank Digital Currency (CBDC) စနစ်နဲ့ အွန်လိုင်းကနေ ပြည်သူတွေ ငွေကြေးလည်ပတ်မှုရှိစေဖို့ နည်းလမ်းရှာပြီးတော့ လုပ်ဆောင်လာတာဖြစ်တယ်။ ဘယ်အချိန်ထိ တည်တံမှာလဲဆိုတော့ CBDC စနစ်က နိုင်ငံတကာကလည်း အသုံးပြုနေတာဖြစ်တယ်၊ တော်လှန်ရေးအားကောင်းနေသရွေ့ တည်တံ့သွားမှာဖြစ်တယ်။

မေး။ ဖြည်စွက်ပြောစရာများရှိရင် ပြောပြပေးပါ။

ဖြေ။ NUG pay ကိုစိတ်ဝင်စားပြီး ဒေါင်းလုပ်မယ်ဆိုရင် Google playstore မှတစ်ဆင့်လည်း ပြုလုပ်နိုင်မှာဖြစ်တယ်။ ios ဖုန်းတွေကတော့ နောက်ပတ်လောက်မှာမှ အသုံးပြုလို့ရမှာဖြစ်တယ်။ အပလီကေးရှင်းကို ဘယ်လိုဒေါင်းလုပ်ပြုလုပ်ရမယ်ဆိုတာကို ဝပ်ဆိုက်၊ Sumbu ဖေ့ဘုတ်စာမျက်နှာ ကနေတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်သလို အီးမေးလ် ကနေလည်းဆက်သွယ်လို့ရတယ်။ ကုတ်နံပါတ်ကို ၁၀၀၀၀ ကျပ်နဲ့ ဝယ်ယူရမှာဖြစ်ပြီး ၇၀၀၀ ကျပ်က မိမိပိုက်ဆံအိတ်မှာ ကျန်နေမှာဖြစ်ပြီး ၃၀၀၀ ကျပ်ကိုတော့ တစ်နှစ်စာ ငွေလွဲ ငွေထုတ် ဝန်ဆောင်မှုအတွက် နုတ်ယူသွားမှာဖြစ်တယ်။ တစ်နှစ်ပတ်လုံးအတွက် ၃၀၀၀ ကျပ်ပဲကျမှာဖြစ်တဲ့အတွက် ဈေးသက်သာမှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ မကြောက်ပဲနဲ့ သတိထားကာ NUG Pay ကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here