ဖားကန့် ဆယ်ဇင်းတိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ကား ၃ စီးဖြင့် သယ်ထုတ်

0
126

၂၂ ဇူလိုင် ၂၀၂၂

ဖားကန့် ဆယ်ဇင်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇူလိုင် ၂၀ ရက်နေ့မွန်းလွဲပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် အိမ်စီးကား ၃ စီးဖြင့် သယ်ထုတ်သွားပြီဖြစ်ကြောင်း သိရသည်။

ဆယ်ဇင်း တိုက်ပွဲ ၄ ရက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ မြေပြင်တွင် စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုတို့ကြောင့် ဒေသခံများထံ ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ပိတ်ဆို့ထားသည့် လမ်းကြောင်းကို ဖွင့်ပေးလိုက်ရသည်ဟု ရှေ့တန်း KIA သတင်းအရင်းမြစ်တစ်ဦးက KNG ကို ပြောဆိုသည်။

“လမ်းကြောင်း ဖွင့်ပေးလိုက်တာက ညနေပိုင်းမှာ ဟုတ်တယ်။ မြေပြင်မှာ စစ်ကြောင်းလည်း တအားထိုးလာတယ်။ နောက်ပြီး လေယာဉ်နဲ့လည်း အဆက်မပြတ်တိုက်တော့ ဒေသခံတွေ ထိခိုက်လာတာမျိုးဖြစ်လာနိုင်တယ်။ ရွာသားတွေကို ငဲ့ညှာတာလည်း ပါတယ်။ အဲ့ကြောင့် အထက်အမိန့်နဲ့ လမ်းတွေကို ဖွင့်ပေးလိုက်ရတယ်” ဟု ပြောဆိုသည်။

KIA မှ လမ်းကြောင်းဖွင့်ပေးလိုက်သည့်နောက်ပိုင်း စစ်ကောင်စီဘက်မှ အိမ်စီးကား ၃ စီးဖြင့် ဒဏ်ရာရ စစ်သား ၃၀ ဝန်းကျင်ခန့်ကို ၆ ကြိမ်ထက်မနည်း လာရောက်သယ်ထုတ်သွားပြီး ဆယ်ဇင်း စစ်ကောင်စီ ခလရ ၁၁၉ စခန်းသို့ သယ်ဆောင်သွားကြသည်ဟု ဆက်ဆိုသည်။

ယနေ့နံနက်ပိုင်း KIA အဖွဲ့မှ ထိုတိုက်ပွဲဖြစ်ပွားခဲ့သော နေရာသို့ စစ်ဆေးခဲ့ရာ စစ်ကောင်စီတပ် ၂၀ ဦးထက်မနည်းကို မြုပ်နှံထားသည့်နေရာများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဆယ်ဇင်းတွင် ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်နှင့် KIA တို့ကြား စစ်ရေးတင်းမာမှု ရှိနေသေးသော်လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့ကြောင်း သိရသည်။

သို့သော်လလည်း ဆယ်ဇင်းနှင့် ချမ်းသာအေးဒေသခံများမှာ တိုက်ပွဲ ထပ်မံပြင်းထန်လာမည်ကို စိုးရိမ်သေးသဖြင့် တာမခန်ဘက်သို့ စစ်ဘေး ထွက်ပြေးတိမ်းရှောင်ရန် စီစဉ်နေဆဲဖြစ်သည်ဟု ဆယ်ဇင်းဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောဆိုသည်။

“တိုက်ပွဲသံက ဒီနေ့တော့ မကြားရတော့ဘူး။ မနေ့ညနေအထိ ပစ်ကြတုန်းဟုတ်တယ်။ အခုက ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ အားလုံးက တာမခန်ဘက်ကို ရှောင်နေကြဖို့ လုပ်နေတယ်။ ရွာထဲမှာလည်း ဗမာစစ်သားတွေ၊ ရှမ်းနီ စစ်သားတွေရှိတယ်။ ကျေးရွာ ၂ ခု စလုံး ဟုတ်တယ်” ဟု ပြောဆိုသည်။

လက်ရှိ ဆယ်ဇင်းနှင့် ချမ်းသာအေး ကျေးရွာတို့တွင် တပ်စွဲနေထိုင်နေသော စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၈ ရက်နေ့ စစ်ကိုင်းဘက်မှ စစ်ကူအဖြစ် တက်လာသော စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ပါ ရှမ်းနီ SNA တပ်သားများနှင့် စစ်ကောင်စီတပ်သား တို့ဖြစ်ကြသည်။

ဆယ်ဇင်း တိုက်ပွဲသည် ဇူလိုင်လ ၁၇ ရက်နေ့ တာမခန်ဘက်မှ ဆယ်ဇင်းသို့ ဆင်းလာသော စစ်အင်အား ၅၀ ဝန်းကျင်ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ချမ်းသာအေး ရွာထိပ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပိတ်ဆို့တိုက်ခိုက်ရာမှာ စတင်ခဲ့ခြင်းဖြစ်သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here