ဘုရားသုံးဆူမြို့ ဂေါက်ကွင်းအနီးတွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံ

0
232

၇ ဇူလိုင် ၂၀၂၂

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ခေတ္တအခြေစိုက် ခလရ ၂၈၄ တပ်ကြပ်ကြီးတစ်ဦး ဂေါက်ကွင်းအနီးရှိ အရက်ဆိုင်နံဘေး၌ ဇူလိုင် ၅ ရက် ညပိုင်းအချိန်က သေနတ်ပစ်သတ်ခံရပြီး ပစ္စတိုသေနတ်တစ်လက်လည်း ပါသွားကြောင်း သတင်းရရှိသည်။

ဘုရားသုံးဆူမြို့ အမှတ် (၁) ရပ်ကွက် သစ္စာလမ်း၌ လွန်ခဲ့သည့်ည ၈ နာရီအချိန်ခန့်က ပစ်သတ်ခံသေဆုံးခဲ့သူမှာ တပ်ကြပ်ကြီး ခင်မော်ကျော်ဟု စုံစမ်းသိရှိရသော်လည်း ၄င်းဖြစ်စဥ်ကို မွန်သတင်းအေဂျင်စီအနေဖြင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းသို့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“ပစ်တာက ၁၄ ချက်လောက် ထိတာက အနည်းဆုံး ၇ ချက်လောက်ရှိမယ်၊ ခေါင်း၊ ရင်ဘတ်၊ ခါးနေရာ ထိသွားတာမနည်းဘူး၊ ညက ဆေးရုံပို့ပြီး ဆရာဝန်က သေပြီလို့အတည်ပြုပြီးတာနဲ့ သူ့အလောင်းကို တပ်ရင်းထဲ ချက်ချင်းယူသွားတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတပ်ကြပ်ကြီးသည် ညပိုင်းအချိန်များတွင် လမ်းဖြတ်သန်းသောမော်တော်ကားများကို ဂိတ်ကြေးတောင်းခံလေ့ရှိကြောင်း ၄င်းက ဆက်ပြောသည်။

၄င်းက “လာပစ်သတ်သွားတာက ဆိုင်ကယ်စီးလာတဲ့ ကောင်းလေးငယ်ငယ် ၂ ယောက်ပဲ၊ ပစ်သတ်ပြီးတော့ အဲဒီတပ်ကြပ်ကြီးစီးတဲ့ဆိုင်ကယ်၊ ပစ္စတိုနဲ့ ပိုက်ဆံထည့်တဲ့လွယ်အိပ်ကိုပါ ယူသွားတယ်၊ အဲနားက သူတို့ချက်ပွိုင့်ရှောင်ကွင်းပြေးတဲ့ မော်တော်ကားတွေကို စောင့်ဖမ်းပြီး အဲဒီတပ်ကြပ်ကြီးငွေတောင်းနေတာဗျ” ဟု ပြောသည်။

ယမန်နှစ် စစ်အာဏာသိမ်းပြီးချိန်ကစ၍ ဘုရားသုံးဆူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ ပြည်ခိုင်ဖြိုးပါတီဝင်တချို့အပြင် မွန်ညီညွတ်ရေးပါတီ လွှတ်တော်အမတ်လောင်းတစ်ဦးလည်း အမည်မသိသေနတ်သမားတို့၏ ပစ်သတ်လုပ်ကြံခံခဲ့ရကြောင်း သိရသည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here