“ပါတီနိုင်ငံရေးက အခုချိန်မှာ စစ်အာဏာသိမ်းထားတဲ့အတွက် တစ်ခုမှအလုပ်မဖြစ်ဘူး။ … လူငယ်၊ လူရွယ်တွေဟာ ပါတီနိုင်ငံရေးကို စိတ်ဝင်စားမှု အားနည်းသွားကြတယ်။ အဓိက ငါတို့လိုချင်တာကို တော်လှန်ရေးလမ်းကြောင်းနဲ့ သွားမှရတယ်မယ်ဆိုတဲ့အသိက ပြည်သူတွေရဲ့စိတ်မှာ သံမှိုစွဲသလိုမျိုး ဖြစ်သွားကြတယ်” ဦးဖေသန်း (လွှတ်‌တော်ကိုယ်စားလှယ်ဟောင်း) ရခိုင်အမျိုးသားပါတီ(ANP)မှ နုတ်ထွက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းနှင့် အမေးအဖြေ

0
247

၅ မေ ၂၀၂၂

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည် ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသည့် ရက္ခိုင့်တပ်တော်ကို ရခိုင်လူထုထောက်ခံမှု မြင့်တက်လာခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ပါတီနိုင်ငံရေးကို ပြည်သူလူထုက ထောက်ခံမှု၊ စိတ်ဝင်စားမှု လျှော့နည်းသွားသည့်အခြေအနေကို တွေ့ရသည်။ လက်ရှိ ပါတီနိုင်ငံရေးအခင်းအကျင်းများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းရာထူးမှ ပြီးခဲ့သည့်နှစ် သြဂုတ်လကနုတ်ထွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည့် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – ဆရာက ရခိုင်အမျိုးသားပါတီကနေ ဘာကြောင့် ထွက်သွားတာပါလဲ။

ဖြေ – ကျနော့်မှာ အခြားလုပ်စရာတာဝန်တွေ ရှိနေသေးလို့ပေါ့။ ပါတီကိစ္စထက် ပိုပြီး အရေးကြီးတဲ့ အမျိုးသားရေးလုပ်ငန်းတွေအတွက် လုပ်စရာရှိလို့ပါ။ အခုချိန်မှာ ပါတီနိုင်ငံရေးက သေနေချိန်ပေါ့။ ပါတီနိုင်ငံရေးထက်အရေးကြီးတဲ့ အမျိုးသားရေးကိစ္စတွေကို ဆောင်ရွက်ချင်တာကြောင့်ပါ။

မေး – ပါတီနိုင်ငံရေးက သေနေတယ်ဆိုတာက ဘာကိုဆိုလိုတာပါလဲ။

ဖြေ- ပါတီနိုင်ငံရေးက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားနေရတာလေ။ နဂိုကလည်း ပါတီနိုင်ငံရေးဟာ ပါတီကတင်ပြတဲ့ အဆိုတွေ၊မေးခွန်းတွေကို အားလုံးလျစ်လျူရှုခံရတယ်။ ပယ်ချခံရတယ်။ အောင်တဲ့မေးခွန်းတွေ၊ အဆိုတွေကိုလည်း အကောင်ထည်မဖော်နိုင်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပါတီနိုင်ငံရေးက လွှတ်တော်အခင်းအကျင်းမရှိ၊ နိုင်ငံရေးလုပ်တာတွေလည်းမရှိ။ ပြည်သူတွေကလည်း ပါတီနိုင်ငံရေးအပေါ် သိပ်စိတ်မဝင်စား။ ဆိုတော့ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပါတီနိုင်ငံရေးအလုပ်တွေက လူထုကိုစည်းရုံးပေမယ့် ဒီအချိန်မှာ လူထုကလည်း စိတ်မဝင်စားဆိုတော့ ပါတီနိုင်ငံရေးတွေက အလုပ်မလုပ်နိုင်ဘဲ သေနေတယ်လို့ သဘောပြောတာပါ။

မေး – ရခိုင်ပြည်မှာ ပါတီနိုင်ငံရေးကို ဘာကြောင့်ထောက်ခံမှုကျဆင်းသွားတာလို့ ထင်ပါသလဲ။

ဖြေ – ပါတီနိုင်ငံရေးကို ပြည်သူတွေ အရင်ကဆိုရင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)၊ ရခိုင်အမျိုးသားပါတီတွေကို ထောက်ခံကြတယ်။ နောက်ပိုင်းမှာ ပါတီနိုင်ငံရေးထက် ULA/AA ရဲ့ တော်လှန်ရေးဘက်ကို လူငယ်၊ လူရွယ်တွေက ပိုပြီးအားသန်လာကြတယ်။ ပါတီနိုင်ငံရေးဆိုတာ အကန့်အသတ်ရှိတယ်။ ကိုယ်တို့လိုချင်တာက အဲဒီထက်မြင့်မားကျယ်ပြန့်တယ်။ ကိုယ်လိုချင်တာက ရှေ့ကိုအများကြီးရောက်နေပြီးတော့ သူတို့ဆီကရရှိတဲ့အခွင့်ရေးက ကိုယ်လိုချင်တာနဲ့ နှိုင်းယှဉ်လိုက်ရင် အလွန်တရာနည်းတယ်။

လူငယ်တွေက ကိုယ့်တိုင်းပြည်လွတ်မြောက်ရေး၊ ရခိုင့်အချုပ်အချာအာဏာ ပြန်လည်ရရှိရေးဆိုတဲ့အပေါ်မှာ ပိုပြီးစိတ်ဝင်စားလာကြတယ်။ ပိုပြီးစိတ်အားထက်သန်လာကြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အလုပ်လုပ်နေကြတဲ့ ပါတီတွေပေါ်မှာ အားကိုးချင်စိတ်မရှိကြတော့ဘူး။ အဲလိုလုပ်ပိုင်ခွင့်တွေ အားနည်းတာကြောင့်လည်းပါတယ်။ နောက်ပြီး ကိုယ်လိုချင်တာနဲ့ရရှိတဲ့ လမ်းတစ်လမ်း၊ ကျောင်းတစ်ဆောင်စသဖြင့် အဲဒါတွေကကိုယ်လိုတာထက် အများကြီးနိမ့်နေတယ်။

နောက်တစ်ခုက တကယ်တမ်းအကြောင်းကျရင်လည်း ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်က အဆိုတွေ၊ မေးခွန်းတွေနဲ့တွန်းပြီး အကောင်ထည်ဖော်လို့လည်းမရဘူး။ အားလုံးဘက်က အားနည်းချက်ရှိလာတဲ့အခါ ပါတီနိုင်ငံရေးထက် ULA/AA ပေါ်ပေါက်လာတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးကိုပဲ အများကြီး ရွေးချယ်သွားကြတယ်။ ပါတီနိုင်ငံရေးက အခုချိန်မှာ စစ်အာဏာသိမ်းထားတဲ့အတွက် တစ်ခုမှအလုပ်မဖြစ်ဘူး။ ဆိုတော့ အဲဒီအချိန်ကာလမှာပဲဖြစ်ဖြစ်၊ အဲဒီအချိန်မတိုင်ခင်ကပဲဖြစ်ဖြစ် လူငယ်၊ လူရွယ်တွေဟာ ပါတီနိုင်ငံရေးကို စိတ်ဝင်စားမှုအားနည်းသွားကြတယ်။ အဓိက ငါတို့လိုချင်တာကို တော်လှန်ရေးလမ်းကြောင်းနဲ့ သွားမှရတယ်မယ်ဆိုတဲ့အသိက ပြည်သူတွေရဲ့စိတ်မှာ သံမှိုစွဲသလိုမျိုးဖြစ်သွားကြတယ်။ ပါတီနိုင်ငံရေးက ရွေးကောက်ပွဲလုပ်တဲ့အချိန်ခဏမှာတော့ ပြည်သူလူထုက စိတ်ဝင်စားခဲ့ပေမယ့် အဲနောက်ပိုင်းမှာ လူတွေစိတ်ဝင်စားမှုက တဖြည်းဖြည်းလျော့ဆင်းလာတယ်။

အဲဒါမှာ သူ (ပြည်သူ) တို့အကြောင်းပြချက်က လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူကို ဂရုမစိုက်၊ ကိုယ်မဲရသွားရင် လုပ်စားသွားကြတယ်ဆိုတဲ့ အမြင်မျိုးလည်းရှိတယ်။ ဒါကြောင့် သတ်သတ်တော့မဟုတ်ဘူး။ ပြည်သူတွေမှာ ရွေးချယ်စရာ ULA/AA ဆိုတာ ပေါ်ပေါက်လာတယ်။ ဒါကြောင့်လည်း ပါတီနိုင်ငံရေးဘက်ကို ပိုပြီးအားနည်းသွားကြတယ်။ လက်နက်နဲ့ တိုက်မှ ရတော့မယ်ဆိုပြီး ပိုစိတ်အားထက်သန်လာကြတယ်။

မေး- ဒီကာလမှာ ရခိုင်ပါတီတွေ ကျဆုံးခန်းတစ်ခုရောက်နေပြီလို့ ပြောလို့ရပါလား။

ဖြေ- ကျဆုံးခန်းဆိုတာထက် ပါတီနိုင်ငံ‌ရေး၊ လွှတ်တော်နိုင်ငံရေးကို ပြည်သူတွေက စိတ်မဝင်စားတော့တာ။ ရခိုင်မှာပဲဖြစ်ဖြစ်။ ဗမာမှာပဲဖြစ်ဖြစ် စိတ်ဝင်စားမှုအားနည်းသွားတယ်။ အထူးသဖြင့် စစ်ကောင်စီက သူတို့အာဏာသိမ်းထားတဲ့အကြောင်းပြချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်းမဖျက်တော့ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံက နဂိုကတည်းက ၁၀ နှစ်သက်တမ်း အလုပ်လုပ်ခဲ့တုန်းကလည်း ရပိုင်ခွင့်တွေအရမ်းနည်းတယ်။

မျှော်လင့်ချက်တွေ လုံးဝမရနိုင်ဆိုတဲ့အနေအထားတွေရှိတယ်။ ဒီလိုအနေထားမျိုးတွေရှိတော့ ပါတီနိုင်ငံရေးဟာ ရွေးချယ်စရာမရှိတဲ့အခါမှာတော့ ဘာပဲဖြစ်ဖြစ် ပါတီနိုင်ငံရေးလမ်းကြောင်းကို လူထုကလျှောက်လှမ်းခဲ့ကြတယ်။ ဘာပဲပြောပြော ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်အနည်းငယ်ရမယ်။ ပါတီအလံတော်အောက်မှာ စုရုံးခွင့်ရမယ်။ လွှတ်တော်မှာတင်ပြခွင့်ရမယ်ဆိုတဲ့အသိနဲ့ ပြည်သူလူထုက ရခိုင်ပါတီတွေကို အားပေးခဲ့ကြတယ်။ ဒီနောက်ပိုင်းမှာတော့ လူထုနှလုံးသားကို ငလျင်လှုပ်သလိုလှုပ်ခတ်နိုင်တာက ULA/AA ပဲ ရှိတယ်။

ဒီလမ်းကြောင်းကတော့ တော်လှန်ရေးလမ်းကြောင်း၊ စစ်ပွဲလမ်းကြောင်းဆိုတော့ ကြမ်းတမ်းတယ်။ အခက်အခဲများမှာပေါ့။ ဒါပေမယ့် ဒီလမ်းကြောင်းကိုပဲ ပြည်သူတွေနှစ်သက်လာကြတယ်။ ပိုပြီးရွေးချယ်လာကြတယ်။ ဘာပဲပြောပြော တစ်ချိန်က အချုပ်အခြာအာဏာကျဆုံးခဲ့တဲ့ လူမျိုးဖြစ်တာကြောင့် အချုပ်အခြာအာဏာပြန်ရစေဖို့၊ ကိုယ့်မင်းကိုယ်ချင်းနဲ့နေဖို့ ၊ ကိုယ့်တိုင်းပြည်ကသယံဇာတတွေက ကိုယ်သုံးခွင့်ရဖို့၊ သူတစ်ပါးရဲ့ချုပ်ချယ်မှုမခံ၊ သူတစ်ပါးရဲ့လက်ဝယ်ခံမဖြစ်ဖို့ဆိုရင် လွတ်လပ်ရေးမှအပမရှိဘူးဆိုတဲ့ ယုံကြည်ချက်တွေ ပိုပြီးခိုင်မာလာကြတယ်။ အဲဒါကြောင့်လည်း ပါတီနိုင်ငံရေးက မှေးမှိန်သွားတာဖြစ်ပါတယ်။

ပါတီနိုင်ငံရေးက မျှော်လင့်ချက်မရှိတာမဟုတ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်လောက်နဲ့ ပြည်သူတွေရဲ့ လိုလားချက်က အရမ်းကွာသွားတော့ အဓိကတော့ အင်အားကြီးတဲ့ ULA/AA ကပေါ်လာတော့ ULA/AA အပေါ်မှာပဲအားကိုးကြတော့ ပါတီနိုင်ငံရေးဟာ နောက်တန်းကိုရောက်သွားတယ်။ ပါတီနိုင်ငံရေး လုံးဝမှေးမှိန်သွားတာမဟုတ်ပေမဲ့လည်း ပါတီနိုင်ငံရေးလောက်နဲ့ အလုပ်မဖြစ်တော့ဘူးလို့ ပြည်သူတွေက ခံယူသွားကြတယ်။

မေး- စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖြစ်ခဲ့ရင် ရခိုင်ပါတီတွေဝင်ပြိုင်ရင် အရင်ကလို နိုင်နိုင်ခြေရှိမယ်ထင်ပါသလား။

ဖြေ- ရွေးကောက်ပွဲကာလတစ်ခုကို ဖြတ်ကျော်မယ်ဆိုရင် ပါတီတစ်ခုမှာ သူ့ပါတီဝင်တွေရှိတယ်။ ပါတီဝင်မှာလည်းသူ့မိသားစုရှိမယ်။ ဒါကြောင့် မဲဆိုတာလည်း ဥပဒေမှာလည်း ရာခိုင်နှုန်းဘယ်လောက်ပြည့်မှ ရွေးကောက်ပွဲအောင်မယ်လို့ သတ်မှတ်ထားတာမရှိတဲ့အခါ ရွေးကောက်ပွဲကတော့ လုပ်လာရင်တော့ဖြစ်မယ်။ ဒါပေမယ့် လူထုစိတ်ဝင်စားမှု အလွန်နိမ့်ကျတယ်။ လူထုအားပေးမှု၊ လူထုယုံကြည်မှု အလွန်နိမ့်ကျတဲ့ ရွေးကောက်ပွဲပဲဖြစ်မယ်။ ဟန်ပြသဘောမျိုး အလုပ်ပြတဲ့သဘောမျိုးပဲဖြစ်မယ်။

ဒါပေမယ့် ရွေးကောက်ပွဲတစ်ခုဖြစ်လာရင် ပြည်သူကတော့ အနည်းနဲ့အများ မဲထည့်ကြမှာပဲ။ ဒါပေမဲ့ ဒီနေ့ရခိုင်ပြည်မှာရှိတဲ့ ပါတီနိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေး အားပြိုင်မှုကတော့ ရှိလာတတ်တယ်။ လက်နက်ကိုင်တော်လှန်ရေးဘက်ကလည်း ဒီဟာတွေကို ကန့်သတ်မှုတွေ၊ ထိန်းချုပ်မှုတွေလည်း ရှိလာနိုင်တယ်။ ဘာပဲပြောပြော ဒီအခွင့်ရေးကိုယူမလား။ ပါတီနိုင်ငံရေးလမ်းကြောင်းကို ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကရော ဒီလမ်းကြောင်းကဆက်လျှောက်မလား။ ဒါမှမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရွေးကောက်ပွဲမဝင်ဘဲနဲ့ ဖိအားပေးပြီး ငါတို့လိုချင်တဲ့ပုံစံရအောင် ULA/AA နဲ့ ပူးပေါင်းဆောင်ရွက်သွားမလား ဆိုတာတွေကို တိတိကျကျပြောလို့ မရဘူး။ ပါတီခေါင်းဆောင်တွေရဲ့သဘောထားကလည်း အလွန်အရေးကြီးတယ်။

ပါတီခေါင်းဆောင်တွေက ဘာပဲဖြစ်ဖြစ် ငါတို့ကရွေးကောက်ပွဲဝင်မယ်။ ရသလောက်နဲ့ ရပ်တန့်နေမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကလိုမျိုး ဆက်ပြီးသွားမယ်ထင်တယ်။

မေး – နိုင်ငံရေးပါတီအဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့တို့ ဘယ်လိုအားပြိုင်မှုတွေ ရှိလာနိုင်ပါလဲ။

ဖြေ- အားပြိုင်မှုတွေဆိုတာက ဒီဘက်ကအလုပ်လုပ်နေတဲ့ခါမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို သွားနေတဲ့ခါမှာ နစက (စစ်ကောင်စီ) နဲ့ ဆန့်ကျင်ဘက်တွေပေါ့။ ဆန့်ကျင်ဘက်ဖြစ်တာကြောင့် ပွတ်တိုက်မှုရှိမယ်။ ၂၀၀၈ အောက်မှာ သွားနေတဲ့ပါတီတွေဆိုတာက နစက (စစ်ကောင်စီ) နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆောင်ရွက်လာရတဲ့ ကိစ္စတွေလည်းရှိလာမယ်။

အဲလိုအချိန်မှာ အားပြိုင်မှုတွေရှိကောင်းရှိလာနိုင်တယ်။ ပြည်သူတွေကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ ရှိလာနိုင်တယ်။ ပါတီနိုင်ငံရေးကိုအားကိုးရမလား။ လက်နက်ကိုင်တော်လှန်ရေးကိုပဲ အားကိုးရမလားဆိုပြီး ပြည်သူတွေ ဇဝေဇဝါဖြစ်လာနိုင်တယ်။ ဒါကြောင့် အားပြိုင်မှုဆိုတာက ဟိုဘက်ဒီဘက်အတိုက်အခံနဲ့ အားပြိုင်မှုကိုပြောတာမဟုတ်ဘူး။ ပြည်သူတွေကြားမှာ ရွေးကောက်ပွဲကိုအားပေးရမယ်၊ အားမပေးရဘူးဆိုပြီး ရက္ခိုင့်တပ်တော်ဘက်ကရော ဒီရွေးကောက်ပွဲကိုအသိမှတ် ပြုမယ်၊မပြု ဒီဟာတွေကိုမူတည်ပြီး ပွတ်တိုက်မှုတွေ ရှိလာနိုင်တယ်။ အားပြိုင်မှုတွေရှိလာနိုင်တယ်လို့ ပြောတာပါ။

မေး – နောက်တစ်ခုက ဖိအားပေးခံရလိုပဲဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရခိုင်ပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာဝင်ရောက်မယှဉ်ပြိုင်လိုက်ဘူးဆိုရင် ဗမာနိုင်ငံရေးပါတီ၊ အထူးသဖြင့် ကြံ့ခိုင်ရေးပါတီနိုင်ခဲ့ရင် ရခိုင်ပြည်အခြေအနေ ဘယ်လိုဖြစ်လာနိုင်ပါလဲ။

ဖြေ – ပါတီလမ်းကြောင်းကို ပြည်သူကမထောက်ခံ၊ ဒါမှမဟုတ် လုံးဝမဲမပေးဘူးဆိုရင် ကြံ့ခိုင်ရေးပါတီလည်း မဲရစရာအကြောင်းမရှိဘူး။ ရခိုင်ပြည်မှာ ရခိုင်ပါတီတွေကမဲမပြိုင်ရင် သူတို့အနေနဲ့လည်း မဲပြိုင်ဖို့ကို လူထုလက်ခံဖို့က ခက်ခဲမယ်။ ဘာပဲဖြစ်ဖြစ် ကျနော်အစတုန်းကပြောခဲ့သလိုမျိုး မဲတွေက ဘယ်လောက်ရာခိုင်နှုန်းပြည့်မှ ရွေးကောက်ပွဲအောင်မယ်လို့ မပြောထားတဲ့အခါမှာ တစ်မဲတည်းနဲ့လည်း နိုင်သွားတတ်တယ်။ အဲဒါကတော့ ဂုဏ်သက္ခာမရှိတဲ့ အောင်ပွဲပဲဖြစ်မှာပဲ။

ဒါပေမယ့် အဲဒီအပေါ်မှာတော့ ကျနော်ထင်တယ်။ နောက်ဆုံးတော့ ရခိုင်ပြည်ရဲ့ကံကြမ္မာဟာ ပါတီတွေရဲ့လက်ထဲမှာမရှိ၊ ရခိုင်ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ဟာ ပါတီတွေရဲ့လက်ထဲမှာမရှိပါ။ ULA/AA လက်ထဲမှာပဲရှိတဲ့အတွက် ပြည်မကပါတီတွေနိုင်သွားရင်လည်း ရခိုင်ပြည်ထဲမှာ ULA/AA ရဲ့လမ်းစဉ်နဲ့ ဆန့်ကျင်ဘက်၊ ULA/AA မကြိုက်တဲ့အလုပ်မျိုးကို ဘယ်ပါတီကမှ လုပ်လို့ရမှာမဟုတ်ဘူး။ ဆိုတော့ ကျနော်အစကပြောခဲ့သလို ULA/AA က ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားရှိမလဲ ဆိုတာကတော့ အဓိကကျတယ်။ အဲဒါကတော့ ဒီနေ့မမြင်နိုင်သေးဘူး။ နောက်ပိုင်းမှာတော့ သူတို့ဘက်က ဘယ်လိုဆုံးဖြတ်ချက်ပေးလာမလဲ။ ဘယ်လိုတည့်မတ်မှုတွေရှိလာမလဲဆိုတာကတော့ စောင့်ကြည့်ရမယ်။

မေး – အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်ရှိရခိုင်နိုင်ငံရေးပါတီတွေကို ဘယ်လိုသုံးသပ်မိပါလဲ။ ရခိုင်မှာ လက်ရှိပါတီသုံးခုရှိပါတယ်။ တစ်ခုချင်းစီ သုံးသပ်ပေးလို့ရမလားခင်ဗျာ။

ဖြေ- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က စပြောရမယ်ဆိုရင် ALD ကအရင်ကနေ NLD ရဲ့အရိပ်ပါ။ အခုဆိုရင် ရွေးကောက်ပွဲကော်မရှင်တွေဆီ အစစ်ဆေးမခံလို့ သူတို့ပြောနေတာတွေရှိတယ်။ ALD က နဂိုကလည်းအားမရှိပါ။ ပြည်သူတွေကလည်း NLD ရဲ့မဟာမိတ်၊ NLD နောက်ကလိုက်နေတဲ့အဖွဲ့ဆိုပြီး သတ်မှတ်ထားတာကြောင့် ALD က အားမရှိနိုင်ဘူး။ ၁၉၉၀ နှစ်ကလည်း သူတို့ရွေးကောက်ပွဲမှာလုပ်ခဲ့တယ်။ ကျနော်တို့ကိုယ်တိုင် ဗဟိုကော်မတီဝင်တွေပါ။ ဒါပေမယ့်နောက်ပိုင်းမှာ ALD က ရွေးကောက်ပွဲနှစ်ခုစလုံးမှာ တစ်ခုနေရာမှာမှမနိုင်ခဲ့ဘူး။ အခုချိန်မှာဆိုလည်း ပြည်သူတွေက ALD ကို NLD ရဲ့နောက်လိုက်လို့ပဲ မှတ်ထားကြတော့ ပါတီသုံးပါတီထဲက လူထုစိတ်ဝင်စားမှု မရှိဆုံးပါတီဖြစ်တယ်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ကတော့ ဒေါက်တာအေးမောင်ရဲ့ပုံရိပ်တော့ အရင်ကရှိခဲ့တယ်။ နောက်ပိုင်းမှာ ပြည်သူတွေက AFP အပေါ်မှာ ဘယ်လောက်ထိစိတ်ပါဝင်စားမလဲဆိုတာတော့ ကျနော်လည်းမပြောတတ်ဘူး။ ဦးအေးမောင်လည်း ထောင်ကလွတ်ပြီးကတည်းက စည်းရုံးမှုတွေတစ်ခုမှလုပ်နိုင်တာ မရှိသေးဘူးဆိုတော့ ပြည်သူတွေက ပုဂ္ဂိုလ်ရေးထောက်ခံချက်တစ်ခုတော့ ဦးအေးမောင်မှာရှိခဲ့တယ်။ တကယ်လို့ အဲဒီအတိုင်း ပြည်သူတွေထောက်ခံမယ်ဆိုရင် ဦးအေးမောင်လည်း မျှော်လင့်ချက်ရှိသေးတယ်လို့ပြောနိုင်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ကတော့ အရင်ကနေ အများဆုံးအနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။ သူ့မှာလည်း ပါတီဝင်တွေလည်းရှိတယ်။ ဒါပေမဲ့ဒီနောက်ပိုင်း ပါတီထဲမှာပြိုကွဲမှုတွေရှိတယ်။ နုတ်ထွက်မှုတွေရှိတယ်ဆိုတော့ ပါတီက အားလျော့နေတယ်။ တကယ်တမ်း အချင်းချင်းပြိုင်မယ်ဆိုရင်တော့ AFP နဲ့ ANP ကပဲ ပြိုင်ဖက်ဖြစ်လာမယ်။

မေး – ANP မှာ ဒေါ်အေးနုစိန်တို့ ဦးဇော်အေးမောင်တို့ စစ်ကောင်စီမှာပါဝင်နေတာနဲ့ပတ်သက်ပြီး ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါလား။

ဖြေ – ရှိပါတယ်။ အဲဒါတွေကလည်း အခုပါတီထဲမှာလည်း ရှိပါတယ်။ ပါတီထဲမှာကိုယ်တိုင်လည်း သူတို့ကိုထုတ်ပယ်တာ မရှိသေးဘူး။ သူတို့က မျှောပြီးလိုက်နေတာ။ သူတို့ ညီလာခံတွေလုပ်တယ်။ ဆုံးဖြတ်ချက်တွေ လုပ်တယ်။ ထွက်မယ့်လူ ထွက်လို့ ပြောတယ်။ အဲလိုအချင်းချင်းပြဿနာတွေကို ဖြေရှင်းနေရတာတွေရှိတယ်။ ညီလာခံလုပ်ပြီး ရှိတဲ့လူတွေနဲ့ ပါတီကိုပြန်ပြီးစည်းရုံးလာနိုင်တယ်။ အဲအထဲမှာ အဓိကထိပ်သီးခေါင်းဆောင်အားလုံးပါဖို့တော့ မလွယ်တော့ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဝေးကိုရောက်နေကြတယ်လို့မြင်တယ်။

မေး- ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နိုင်ငံခြားမီဒီယာတစ်ခုမှာ ပြောခဲ့တာ ရှိပါတယ်။ ရွေးကောက်ပွဲသာဖြစ်မလာဆိုရင် ANP အနေနဲ့ AA နဲ့ပူးပေါင်းလာနိုင်ခြေရှိတယ်လို့ ပြောခဲ့တာပါ။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ- ရွေးကောက်ပွဲမရှိဆိုရင်တော့ ပါတီထဲမှာ ပါတီအလုပ်ဆိုတာ မရှိတော့ဘူး။ ပါတီအလုပ်မရှိရင် အဲဒီထဲမှာ အချိန်မဖြုန်းဘဲနဲ့ အဓိကအမျိုးသားရေးလမ်းဖြစ်တဲ့ ULA/AA နဲ့ လုပ်ချင်ရင် ပေါင်းလုပ်ဖို့ပဲ ရှိတယ်။ ဒါပေမဲ့ အမျိုးသားရေးစိတ်ဓာတ် ရှိချင်သလောက်ရှိပါစေ သူတို့က ဘဝကို မစွန့်လွှတ်ဝံ့၊ စီးပွားကို မစွန့်လွှတ်ဝံ့၊ ပညာရေးကို မစွန့်လွှတ်ဝံ့၊ မိသားစုကို မစွန့်လွှတ်ဝံ့၊ အသက်ကို မစွန့်လွှတ်ဝံ့တာတွေ ရှိတယ်။ အမျိုးကိုတော့ ချစ်ကြတယ်။ ဒါပေမဲ့ ဥပဒေဘောင်အတွင်းက လုပ်နေကြတယ်။ တစ်ကယ်တမ်း ULA/AA သွားနေတဲ့ တော်လှန်ရေးလမ်းကြောင်းထဲကို ဘဝနဲ့ အသက်ကိုပေးပြီး ဝင်လာမယ့်လူက နည်းနေတယ်။ ပါတီနိုင်ငံရေး လုံးဝမရှိတော့ဘူးဆိုရင်တော့ အဲဒီထဲကတစ်ချို့က ဘဝကိုစွန့်ဝံ့၊ အနစ်နာခံတဲ့သူတွေတော့ ရောက်ကောင်းရောက်လာနိုင်တယ်။ ဒါပေမဲ့ အရာအားလုံးကို မစွန့်ဝံ့လူကတော့ ဒီတိုင်းရောက်လာဖို့ဆိုတာက မလွယ်ဘူး။

မေး – ဆရာ့အနေနဲ့ ပါတီနိုင်ငံရေးကို စိတ်ကုန်သွားလို့ နုတ်ထွက်တာလို့ပြောလို့ရပါလား။

ဖြေ – ပါတီနိုင်ငံရေးကို စိတ်ကုန်၊ မကုန်ဆိုတာထက် ဒီနိုင်ငံရေးထက် အရေးကြီးတဲ့လုပ်ငန်းတွေကို လုပ်ချင်လို့ပါ။ ပါတီနိုင်ငံရေးထက်အရေးကြီးတဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ချင်လို့ပါ။ ပါတီနိုင်ငံရေးကိုလည်းလုပ်လိုက်၊ အခြားအရေးကြီးတဲ့ လမ်းစဉ်တွေမှာလည်းလုပ်လိုက်။ ကျနော့်မှာ နှစ်ဘက်ခွဲလုပ်ဖို့ အချိန်လည်းမရှိဘူး။ ဆန္ဒလည်းမရှိပါ။

မေး – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ- အခုချိန်မှာတော့ နိုင်ငံရေးပါတီကထွက်လာလို့ နိုင်ငံရေးပါတီတွေက မျှော်လင့်ချက်မရှိလို့ ပြောချင်တာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာသွားနေတာ ၁၀ နှစ်ကျော် ရှိသွားပြီ။ ဒါပေမဲ့ တစ်ခုမှခရီးမပေါက်ဘူး။ ရှေ့ကိုလည်း ဒီထက်နည်းနည်းပဲပိုမယ်။ ကိုလိုနီပုံရိပ် ပျောက်မှာမဟုတ်ဘူး။ အုပ်ချုပ်ခံ လူတန်းစားတစ်ယောက်၊ အုပ်ချုပ်ခံပြည်နယ်တစ်ခုက ပျောက်မှာမဟုတ်ဘူး။

ငါတို့လိုချင်တာက ဒီနေ့ ULA/AA က တောင်းဆိုနေတဲ့ ကွန်ဖန်ဒရိတ်အဆင့်လောက် (ဒါမှမဟုတ်) အဆင့်မြင့်တဲ့ ဖက်ဒရယ်တစ်ခုတော့ ရခိုင်ပြည်သူတွေနဲ့ထိုက်တန်နေပြီ။ ဒါကြောင့် ရသလောက်နဲ့ပဲလုပ်တော့မယ်။ ဘာပဲပြောပြော အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရသလောက်နဲ့ပဲလုပ်တော့မယ်ဆိုပြီး လုပ်မယ်ဆိုတာထက် တကယ်တမ်း နိုင်ငံရေးအရည်အချင်းရှိတဲ့လူတွေ ပါတီထဲမှာ၊ ဥပဒေဘောင်အတွင်းမှာ အများကြီးရှိပါတယ်။

အဲဒီလူတွေက ခုချိန်မှာ အချိန်မဖြုန်းဘဲ အမျိုးသားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်စေချင်တယ်။ ပါတီနိုင်ငံရေးထက်အရေးကြီးတဲ့ အမျိုးသားရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့လိုအပ်နေပြီလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အချိန်က တကယ်ဆုံးဖြတ်ပေးမယ့်အချိန်ကိုရောက်နေပြီ။
ရွေးချယ်စရာအခြားလမ်းမရှိတဲ့ အခြေနေရောက်နေပြီ။ အဲလိုချိန်မှာ အရည်အချင်းရှိသူတွေက ပါတီနိုင်ငံရေးထဲမှာ အချိန်ဖြန်းနေတာထက် အမျိုးသားနိုင်ငံရေးထဲမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်တဲ့အချိန်ဖြစ်နေပြီ။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့်လည်း ငါတို့လိုချင်တဲ့ပန်းတိုင်ကို အရင်ဆုံးရောက်မယ်လို့ ပြောချင်ပါတယ်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here