ဧပြီလအတွင်း အရပ်သားနေအိမ် ၃၅၀၀ ကျော် မီးရှို့ခံရ

0
213

၂၀၂၂ ခုနှစ် မေလ ၅ ရက်။

မြန်မာနိုင်ငံတဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက အရပ်သားပြည်သူများ၏ နေအိမ် အလုံး ၃၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmar အဖွဲ့က ထုတ်ပြန်လိုက်သည်။

Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင် လူနေအိမ် အလုံး ၂၅၀၀ ကျော် နှင့် မကွေး တိုင်းထဲတွင် အိမ်အလုံးရေ ၉၅၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။

မေလ ၂ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာက လူနေအိမ်များကို စစ်ကောင်စီက မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ရွာမှာက ဒီလပဲ ဒီမေလ ၂ ရက်နေ့မှာ စစ်တပ်ကဝင်လာပြီး မီးရှို့သွားတာဗျ။ ကားသုံးစီးနဲ့ လူက ၁၀၀ လောက်ရှိမယ်။ ဝင်လာပြီးတော့ စာသင်ကျောင်းနဲ့ ဆေးခန်းကို အရင်ဖျက်ဆီးတယ်။ ပြီးတော့မှ နေ့လည်လောက် မှာ အိမ်တွေကို မီးတင်ရှို့တာ။ စစ်သားတွေက ၁ ရက်နေ့ကတည်းက ရွာထဲရောက်လာတာဗျ။ ကျနော်တို့လည်း ကြောက်ပြီး အကုန်ထွက်ပြေးရတာ။ အခုထိ ရွာထဲ မပြန်ရဲကြသေးဘူး” ဟု မေလ ၃ ရက်နေ့တွင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မေလ ၁ ရက်နေ့က မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်က ပြည်သူများ၏ နေအိမ် အလုံး ၇၀ ကျော်ခန့်နှင့် ဘုန်းတော်ကြီးတို့ကို မီးတင်ရှို့ခဲ့သည်ဟု သိရသည်။

“မြိုင်က ရွာသစ်ရွာက ဘုန်းကြီးကျောင်းလည်းပါတယ်။ အိမ်တွေလည်း ၇၀ ကျော် မီးရှို့လိုက်တာ။ ရွာဦးကျောင်းကဆို အထဲကပစ္စည်းတွေကို အရင်ဖျက်ဆီးကြတာ။ ရေခဲသေတ္တာ၊ အသုံးအဆောင်ပစ္စည်း၊ အကုန်ပဲ ဖျက်ဆီးပစ်တာ။ အကုန်ဖျက်ဆီးပြီးတော့ ရွာထဲအိမ်တွေကိုပါ မီးရှို့တာဗျ။ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ သူတို့ဝင်လာတာနဲ့ လွတ်ရာကို အရင်ဆုံးပြေးကြရတာပဲ” ရွာသစ်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၁၁၄၁၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

ထိုစာရင်းသည် နေရာဒေသပေါင်း ၂၉၆ နေရာ ခန့်မှ အခြေအနေများကို ပြုစုထားခြင်း ဖြစ်သည်ဟု Data for Myanmar အဖွဲ့က ဆိုသည်။ ယခု Data for Myanmar အဖွဲ့ ထုတ်ပြန်ထားသည့်စာရင်းမှာ မေလအတွင်း မီးရှို့ ဖျက်ဆီးခံလိုက်ရသည့် နေအိမ် စာရင်းများ မပါသေးပေ။

Data for Myanmar အဖွဲ့၏ ထုတ်ပြန်ထားသည့်စာရင်းများအရ စစ်ကိုင်းတိုင်းထဲတွင် နေအိပ်ပေါင်း ၇၅၀၃ လုံး၊ မကွေးတိုင်းထဲတွင် အိမ်အလုံးရေ ၂၁၃၁ လုံး၊ ချင်းပြည်နယ်ထဲတွင် ၁၁၇၄ လုံးနှင့် ကရင်နီ (ကယား) တွင် ၄၀၇ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီ၊ ပဲခူး (အရှေ့)၊ ကရင်နှင့် ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးသွားနေသည့် နေအိမ်စာရင်းများကိုလည်း ထုတ်ပြန်ထားသည်။ အဆိုပါ စာရင်းများသည် စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အခြေအနေများကို ဖော်ပြထားခြင်း ဖြစ်သည်။

သို့သော်မြေပြင်တွင် ၎င်းတို့ ထုတ်ပြန်ထားသည့် အရေအတွက်ထက်လည်း များနိုင်သည်ဟု ဆိုသည်။

NMG

LEAVE A REPLY

Please enter your comment!
Please enter your name here