ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ရွာအတွင်း စကစစစ်ကြောင်း ဝင်ရောက်နေသည့်အတွက် တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်

0
221

၅ ဧပြီ ၂၀၂၂

အင်အား ၂၀၀ ကျော်ပါသည့် အာဏာသိမ်းစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားတဖက်ကမ်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာထဲသို့ ဝင်ရောက်နေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နမ့်ဆန်ယန်ကျေးရွာမှ စစ်ရှောင်များ နေရပ်ပြန်ရန် ပြင်ဆင်လျက်ရှိနေရာ တိုက်ပွဲများဖြစ်ပွားလာပြီး နေရပ်မပြန်နိုင်မည်ကို ရွာသားများ စိုးရိမ်နေကြသည်။

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ကတည်းက ကျေးရွာအပြင်တွင်သာ နေရာယူထားပြီး ဧပြီလ ၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှာစတင်၍ နမ်ဆန်ယန်ကျေးရွာထဲ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံရွာသား တစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက်သတင်းဌာနကို ပြောသည်။

“တပ်အင်အားတိုးချဲ့တာလား စစ်ကြောင်းလားမသိဘူး မနေ့ကတည်းကနေ အင်အား ၂၀၀ လောက်တော့ ရှိတယ်လေ ရွာပြင်မှာ။ ဒီနေ့ရွာထဲဝင်လာပြီ။ လောလောဆယ်တော့ ဘာမှ ပြဿနာတော့မရှိသေးဘူး။ ဒါပေမယ့် စိုးရိမ်ရတဲ့အခြေအနေတော့ ရှိတာပေါ့ ရွာထဲမှာက စစ်တပ်ဆိုတော့ ကျနော်တို့လည်း နည်းနည်းတော့ သတိထားပြီး နေရတာပါ” ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့် နမ့်ဆန်ယန်ကျေးရွာတွင် စစ်ရှောင်မိသားစုအချို့နှင့် ဒေသတွင် ရွှေတူးဖော်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ စုစုပေါင်း လူဦးရေ ၂၀၀ ခန့် နေထိုင်နေကြသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“လက်ရှိတော့ အိမ်ခြေ အားလုံးပေါင်းရင်တော့ ရာဂဏန်းတော့ရှိမယ်ထင်တယ်။ လူဦးရေကတော့ ဒီမှာက ဒေသခံထက် ရွေ့ပြောင်းအလုပ်သမား ရွှေတူး ဘာတူး အဲလိုတွေများတယ်ဆိုတော့ ကျနော်လည်း အတိအကျတော့ မသိဘူး။ နှစ်ရာကျော်လောက်တော့ ရှိမယ်ထင်တယ်။”

အဆိုပါ ပြည်သူများသည် စစ်ကောင်စီစစ်ကြောင်း ဝင်လာသည့်အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

နမ့်ဆန်ယန်ကျေးရွာနှင့် အနီးဝန်းကျင်တွင် စစ်ရှောင်များ နေရပ်ပြန်လာကြရန်စီစဉ်နေကြသည့်အတွက် မည် သည့်လက်နက်ကိုင်အဖွဲ့မှ ထိုနေရာတွင် မနေထိုင်ကြရန် ဘာသာရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် စစ် ရှောင်များက တောင်းဆိုထားသည်ဟုလည်း သိရသည်။

သို့သော် ယခုကဲ့သို့ စစ်တပ်က ဝင်ရောက်လာသည့်အတွက် ရပ်မိရပ်ဖများနှင့် ကျေးရွာလူကြီးအချို့က စစ်တပ်နှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု နမ့်ဆန်ယန်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“လက်ရှိအခြေအနေက ကျနော်တို့ ဘာမှ ရေရေရာရာပြောလို့မရသေးဘူး ဖြစ်နေတယ်။ ရပ်ကွက်လူကြီးတွေက နှစ်ဖက်အဲလိုမျိုး ညှိနှိုင်းပြီးမှ ခဏလာတယ် ပြန်ဆင်းသွားမယ်လို့ အဲလိုဘဲပြောထားတာကြီးကို ကြောက်စရာ မလိုဘူး အဲလိုမျိုးဘဲပြောထားတာဖြစ်တယ်။ အခုက စစ်ရှောင်တွေ ရွာပြန်လာဖို့ အစီအစဉ်တွေ လုပ်နေတဲ့ အချိန် မှာ အဲလိုမျိုး တိုက်ပွဲတွေ မဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဟိုတပ်ပိုင်းဆိုင်ရာကလူတွေ ခုနတုန်းက လာတဲ့ အချိန်မှာလည်း အတတ်နိုင်ဆုံးတော့ တစ်ဖက်နဲ့တစ်ဖက် ထိန်းထိန်းသိမ်းသိမ်းပြီးတော့မှ လုပ်ရင်တော့ ကောင်း တယ်လို့ ကျနော်တို့ IDPs လည်းရွာပြန်ဖို့ ပြန်လည်ထူထောင်ဖို့ အစီအစဉ်ဆွဲထားတယ်ဆိုတော့ စစ်မဖြစ်စေချင် ဘူးလို့တော့ ပြောထားတယ်။”

နမ့်ဆန်ယန်ကျေးရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲသံ၊ သေနတ်သံများ မကြားရသည်မှာ နှစ်နှစ်နီးပါးခန့် ရှိနေပြီ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တောင်းဆိုချက်အရ အရပ်ဘက်အဖွဲ့အစည်းအချို့၊ ဘာသာရေးခေါင်းဆောင် အချို့က စစ်ရှောင်များ မူရင်းကျေးရွာတွင်ပြန်လည်နေထိုင်နိုင်ရေး လုပ်ဆောင်နေသည့် ရွာလည်းဖြစ်သည်။

တိုက်ပွဲများထပ်မံဖြစ်ပွားလာမည်ဆိုပါက ၂၀၁၁ ခုနှစ်တုန်းက တကျော့ပြန်ဖြစ်ပွားလာသည့် စစ်တပ်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့အကြားက တိုက်ပွဲများကြောင့် စစ်ရှောင်စခန်းများတွင် ဆယ်စုနှစ်တစ်စုကျော်အကြာ နေထိုင်နေကြရသည့် စစ်ရှောင်များ၏ နေရပ်ပြန်ရေးကိစ္စ နောက်ဆုတ်ရမည့် အခြေအနေဖြစ်လာနိုင်သည် ဟု နမ့်ဆန်ယန်စစ်ရှောင်များက ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here