စကစပစ်ခတ်တဲ့ လက်နက်ကြီးအသံကြောင့် နန်းမယ်ခုံဒေသခံအမျိုးသမီးတစ်ဦး လန့်ပြီးသေဆုံး

0
174

၁၁ ဇန်နဝါရီ ၂၀၂၂

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ လွိုင်ကော်ကနေ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ဘက်ကို ဇန်နဝါရီလ ၁၀ ရက်နေ့ညမှာ လက်နက်ကြီးတွေနဲ့ ပတ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး လန့်ပြီးသေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နန်းမယ်ခုံမြို့၊ မြို့မရှမ်းရပ်ကွက်မှာ လက်နက်ကြီးပေါက်ကွဲတာဖြစ်ပြီး အသက် ၅၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး ကြောက်လန့်ကာ နှလုံးဖောက်သေဆုံးသွားတာဖြစ်ပါတယ်။

“မနေ့က ညအချိန်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ထုတော့ နန်းမယ်ခုံရွာနားကို ကျတာတွေရှိတယ်။ အဲ့လိုကျတော့ နန်းမယ်ခုံဒေသခံ အမျိုးသမီးတစ်ဦးက နှလုံးရောဂါအခံရှိတော့ လက်နက်ကြီးသံကြားပြီး လန့်ပြီးနှလုံးဖောက်ဆုံးသွားတာ။ ည ၉ နာရီခွဲ အချိန်လောက်မှာ ဆုံးသွားတာ။“ လို့ နန်းမယ်ခုံ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်နေ့) ည ၉ နာရီခွဲအချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ညကလည်း လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ အသက် ၇၀ ကျော်အဖွားတစ်ဦး လက်နက်ကြီးသံကြောင့် လန့်ပြီးသေဆုံမှုဖြစ်ပွားခဲ့ပါတယ်။

ဒေါငံခါးကျေးရွာကိုလည်း လက်နက်ကြီး ၃လုံးကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်နက်ကြီး ကျရောက်ပြီးနောက် နန်းမယ်ခုံမြို့ ဒေသခံတွေ စစ်ရှောင်နေကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO – PDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“နန်းမယ်ခုံကလည်း သူတို့က ထပ်ရွေ့မယ်လို့ ပြောတယ်။ လွိုင်ကော်မိုင်းလုံးက စစ်ဘေးရှောင်တွေ နန်းမယ်ခုံမှာ လာနေတယ်ကော။ နောက် စစ်တပ်ကလည်း မပြတ် လွိုင်ကော်ကနေ လက်နက်ကြီးတွေနဲ့ ထုတယ်ကော။ ဒေါငံခါးလည်း ၁၂၀ မမ ထုနေတယ်။ နန်းမယ်ခုံလည်း ဒီလွိုင်ကော်ကနေဘဲထုတယ်။ အဲ့ဒီ နန်းမယ်ခုံမှာရှိတဲ့ ပြည်သူတွေလည်း ထပ်ရွေ့တယ်ဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်ပေါ့နော။”

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ကရင်နီတစ်ပြည်နယ်လုံး ၁၈၂ ဦးရှိပြီလို့ ကရင်နီလူမှုကွန်ယက်အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို မြို့ပေါ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရှောင်အများအပြားရှိနေပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here