ရှမ်းတောင်ပိုင်းသို့ စစ်ရှောင်သွားသူများအား စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် တစ်ဦး ထိခိုက်ဒဏ်ရာရ

0
183

၁၁ ဇန်နဝါရီ ၂၀၂၂

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်းကနေ ရှမ်းပြည်တောင်ပိုင်းဘက် စစ်ရှောင်သွားတဲ့ ပြည်သူကို စစ်ကောင်စီတပ်က လမ်းခရီးမှာ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျည်ထိမှန်သူ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“မနေ့က တောင်ကြီးသွားတယ်လေ ဆီဆိုင်ပေါ့ အကိုသွားတာ သွားတော့ သူ့ကိုထိထားသေးတယ် လက် ကျည်ဆံတောင်မှ တစ်ခါထဲဖြောင်သွားတယ် အရိုးတော့မထိဘူးအသားပဲဖြောင်ထွက်သွားတယ် တောင်ကြီးဖက်မှာပဲ သွားကုခိုင်းလိုက်တယ်။ မနေ့က အဲ့ဒီငြိမ်းချမ်းမိုးကာပစ်ခံရတယ်ကော ကုန်းဆွတ်နဲ့ ကျောက်ကြီးကြားမှာ။” လို့ ကျည်ထိမှန်တဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ဖို့သွားတဲ့ ပြည်သူတွေရဲ့ကားတွေကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းလောက်မှာ လွိုင်ကော်မြို့အထွက် နွားလဝိုးကျေးရွာအကျော်နားမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်ခရီးသည်ကားတွေ လှည့်ပြန်ခဲ့ရပါတယ်။

“မနေ့ကလာတော့ နွားလဝိုးမှာခံနေသေးတယ် ငြိမ်းချမ်းမိုးကာပစ်တယ်လေ မိုးဗြဲဖက်ပြန်လှည့်ပြေးရသေးတယ် ညနေမှ တောင်ကြီးဖက်ကို ရောက်တယ်။” လို့ မိုင်းလုံးရပ်ကွက်ကနေ စစ်ရှောင်သူအမျိုးသမီးတစ်ဦး ပြောပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းလောက်မှာကတော့ ရှမ်းပြည်တောင်းပိုင်း စစ်ရှောင်သွားမည့် ပြည်သူတွေ ပြန်လည်ထွက်ခွင့်ရခဲ့ပါတယ်။

လွိုင်ကော်-တောင်ကြီးလမ်းမကြီးတစ်လျှောက် စစ်ရှောင်တွေစီးနင်းလာတဲ့ ကားတွေကို စစ်ကောင်စီတပ်ဂိတ်မှာ မှတ်ပုံတင်စစ်ဆေးတာ၊ ဖုန်းစစ်ဆေးတာ ပြုလုပ်လျက်ရှိပြီး ညပိုင်းမှာလည်း တောင်ကြီးမြို့တွင်းကိုပေးမဝင်ဘဲ ဟိုပုံး ပအိုဝ်းမတောင်မှာ ည ၁၂ နာရီအထိ ပေးမဖြတ်ဘူးလို တောင်ကြီးမြို့ကို စစ်ရှောင်တဲ့ နာနတ်တောရပ်ကွက်မှ ဒေသခံတစ်ဦး ပြောပါတယ်။

“စစ်ဆေးတာတော့ မှတ်ပုံတင်စစ်တယ် ဖုန်းစစ်တယ် အဲ့လိုပါပဲ ပေးမထွက်တာ ဘာကြောင့်ပေးမထွက်တာလဲဆိုတော့မသိဘူးလေ ဒီအတိုင်းအကြာကြီး သူတို့လူကြီးလာမှပေးထွက်မယ် အဲ့လိုမျိုးပဲပြောတာလေ။ သူတို့လူကြီးလာမှပေးထွက်မယ်လို့ ပြောခါကျတော့ လူကြီးလည်းမလာဘူး ဘာလည်းမလာဘူး နောက်မှ ကြက်ခြေနီတွေလာတယ် လာခါကျတော့ တော်တော်ကြာမှလာခေါ်သွားတော့ ဟိုပုံး ၄ မိုင် ကားကွင်းကိုခေါ်သွားပြီးတော့မှ ထပ်ပြီးစစ်ဆေးတယ် မုန့်လေးတစ်ထုပ်နှစ်ထုပ်ဝေတယ်ပေါ့ အကြာကြီးအ့မှာထပ်နေရတယ် ပြီးမှပဲ လွတ်တာ။ မနေ့ညနေ ၄ နာရီကနေစပြီးတော့ စစ်လိုက်တာ ည ၁၂ နာရီလောက်မှပဲ တောင်ကြီးကိုရောက်သွားတာ။” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး လွိုင်ကော်မြို့တွင်း မိုင်းလုံး ရပ်ကွက်တွေဘက်မှာ စစ်ကောင်စီတပ် ဟတ်စကီးတွေ တိုက်လေယာဉ်တွေနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် လွိုင်ကော်ဒေသခံတော်တော်များများ မနေရဲတော့ဘဲ နီးစပ်ရာ စစ်မဖြစ်တဲ့ ဒေသတွေမှာ ဇန်နဝရီလ ၇ ရက်နေ့ကစပြီး သွားရောက်ခိုလှုံလျက် ရှိနေပါတယ်။

လွိုင်ကော်မြို့ အဝင်/အထွက်၊ လွိုင်ကော်- ဆီဆိုင်-တောင်ကြီးသွားလမ်းတစ်လျှောက်၊ လွိုင်ကော်-အောင်ပန်း-တောင်ကြီး တစ်လျှောက် ဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားပြီး စစ်ဆေးကြမ်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့တွင်းမှာ ကရင်နီတပ်မတော် (KA)၊ KNDF ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါ် ရဟတ်ယာဉ်ပျံသန်းတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ရပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ အောင်ပန်း၊ တောင်ကြီးမြို့ကို အများစု စစ်ရှောင်ကြတယ်လို့ သိရပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here