ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဆက်စပ်ထုတ်ကုန်များအား TNLA ဖျက်ဆီး

0
140

၁၁ ဇန်နဝါရီ ၂၀၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ဆက်စပ်သည့် ထုတ်ကုန်များကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၎င်းတို့ သွားလာလှုပ်ရှားရာ နယ်မြေအတွင်းရှိ ဈေးဆိုင်ခန်းများတွင် ဇန္နဝါရီလ ၈ ရက်နေ့တွင် လိုက်လံစစ်ဆေးပြီး ဖျက်ဆီးခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ TNLA သွားလာလှုပ်ရှားနေသည့် နေမြေအတွင်း လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် သုံးကြိမ်မြောက်တွင် ဖျက်ဆီးခဲ့ခြင်းသည် ဒေသခံများက ပြောသည်။

“ကျမတို့ဆီ လွန်ခဲ့တဲ့ ၅ လလောက်က စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်တွေကို မရောင်းဖို့ဆိုပြီး စာတစ်စောင်နဲ့ လာပြောတယ်။ ကျမတို့ကလည်း အဲ့ဒီထုတ်ကုန်တွေကို ကုန်အောင်ရောင်းနေတာ။ ကုန်တာနဲ့ဆိုင်ထဲ ပြန်မသွင်းတော့ဘူးပေါ့။ ဒီနေ့က နည်းနည်းကျန်နေတာ သူတို့လာပြီး စစ်ဆေးတွေ့တော့ တဝက်ကျော်လောက် ကိုတော့ ဖျက်ဆီးသွားခဲ့တယ်” ဟု ကုန်ပစ္စည်းအချို့ ဖျက်ဆီးခံလိုက်ရသည့် စျေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

TNLA အနေဖြင့် လာမည့်လတွင် ကွတ်ခိုင်မြို့နယ် တစ်မြို့နယ်လုံးထဲတွင် စစ်ကောင်စီနှင့် ဆက်စပ်သည့် ထုတ်ကုန်ရောင်းချမှုများကို တားဆီးပိတ်ပင်သွားမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ် TNLA အရာရှိ တစ်ဦးက “အခုလက်ရှိအချိန်ထိတော့ ကျနော်တို့ လှုပ်ရှား နယ်မြေတွေမှာပဲ စစ်ကောင်စီနဲ့ ဆက်စပ်ထုတ်ကုန်တွေကို တားဆီးနေတာဖြစ်ပြီး လာမယ့်လတွေမှာ ကွတ်ခိုင်မြို့နယ် တစ်ခုလုံးမှာ တားဆီးနိုင်အောင် လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

TNLA က စစ်ကောင်စီနှင့် ဆက်စပ်သည့် ထုတ်ကုန်များကို မရောင်းချကြရန်နှင့် ဝယ်ယူသုံးစွဲခြင်း မပြုကြရန် ၂၀၂၁ ခုနစ်၊ ဇွန်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ပထမဆုံးအကြိမ် တားမြစ်စာ တစ်စောင်ကို ဖြန့်ဝေခဲ့ကာ ဒုတိယ အကြိမ်အနေဖြင့် ပြီးခဲ့သည့် နှစ်အတွင်း တားမြစ်ထုတ်ကုန်များအား ရောင်းဝယ်ခြင်းရှိ/မရှိကို လိုက်လံစစ်ဆေး စာရင်းပြုစုခဲ့ပြီး နောက်တစ်ကြိမ် မရောင်းဝယ်ရန် လက်မှတ်ထိုးစေခဲ့သည်ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။

တအာင်းတပ်မတော် TNLA ၏ ယခုလုပ်ဆောင်ချက်အပေါ် ဆိုင်ရှင်အချို့က သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်၊ စစ်အာဏာရှင်များ၏ ဝင်ငွေရလမ်းများ လျော့ကျသွားရန် ၎င်းတို့၏ဆိုင်များတွင် စစ်ကောင်စီနှင့် ဆက်စပ်သည့် ထုတ်ကုန်များကို မရောင်းကြတော့ဘူးဟု ဆုံးဖြတ်ပြီး သဘောတူလက်မှတ်ရေးထိုးရခြင်း ဖြစ်သည်ဟုလည်း ဆိုင်ရှင်အချို့က ပြောသည်။

TNLA အနေဖြင့် ၂၀၂၁ ခုနစ်၊ ဇွန်လကစတင်ပြီး ယနေ့အချိန်ထိ ၎င်းတို့သွားလာလှုပ်ရှားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသများအတွင်း စစ်ကောင်စီနှင့်ဆက်စပ်သည့် ထုတ်ကုန်များကို ရောင်းဝယ်သုံးစွဲခြင်းမပြုလုပ်ကြရန် တားဆီးလုပ်ဆောင်နေခြင်း ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here