မြန်မာစစ်ဘေးရှောင်များကို ဆက်လက်ကူညီမည်ဟု မီဇိုရမ်ဝန်ကြီးချုပ် ပြော

0
108

၁၄ ဒီဇင်ဘာ ၂၀၂၁

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံနေကြရသည့် မြန်မာစစ်ဘေးရှောင်ပြည်သူများကိုဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါသည် ဒီဇင်ဘာ ၁၃ ရက်နေ့က သူ၏ရုံးတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ် ဦးဆောင်သော မီဇိုရမ်ရောက် မြန်မာလွတ်တော်ကိုယ်စာလှယ်များနှင့် တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေး ပြောဆိုဆွေးနွေးရာတွင် မီဇိုရမ်ဝန်ကြီးချုပ်ကထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူတွေကို မီဇိုရမ်အစိုးရက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးတယ်။ ဆက်လက်ပြီး ကူညီဆောင်ရွက်ဦးမှာဖြစ်တယ်။ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရကိုလည်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီဖြစ်တယ်။ မီဇိုရမ်ရောက် စစ်ဘေးရှောင်တွေ ကူညီထောက်ပံ့မှုလိုအပ်နေတယ်ဆိုတာ အိန္ဒိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးကိုလည်း မကြာသေးခင်ကဘဲ တွေ့ဆုံခဲ့စဉ် ထပ်မှန်တင်ပြခဲ့တယ်” ဟု အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပူးဇိုးရမ်းထန်းငါက ပြောဆိုခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း ရှိနေစဉ် အခက်အခဲများရှိပါကလည်း အစိုးရအနေဖြင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း၊ ကျစ်လစ်ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ကာ အတူတကွလက်တွဲသွားကြရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “တွေ့ဆုံဆွေးနွေးပွဲက အောင်မြင် ပါတယ်။ မီဇိုရမ်အစိုးရဘက်ကလည်း အသင်းအဖွဲ့တခုဖွဲ့စည်းမယ်၊ လွတ်တော်ကိုယ်စားလှယ်ဘက်ကလည်း အသင်းအဖွဲ့ တခုဖွဲ့ စည်းမယ်၊ အဲဒီအသင်းအဖွဲ့နှစ်ခုက မြန်မာနိုင်ငံအရေး သော်လည်းကောင်း မီဇိုရမ်ရောက် စစ်ဘေးရှောင်များအရေးသော်လည်းကောင်း အဓိက လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများ အများစု ထွက်ပြေးခိုလုံနေသည့် ပြည်နယ်တစ်ခုဖြစ်သည်။

ယခုလက်ရှိတွင်လည်း မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ခန့်ခိုလုံလျှက်ရှိကြပြီး မီဇိုရမ်အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းများက ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here