၂၀ စက်တင်ဘာ ၂၀၂၁
ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နှင့် ကဗျာဝကျေးရွာကြားရှိ မိုင်တယ်လ်တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်အမှတ် ၄၃၅ အား စက်တင်ဘာ ၁၈ ရက် ညဦးပိုင်းအချိန်တွင် ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံများမှ သတင်းရရှိသည်။
ခလရ (၃၁) တပ်ရင်းအခြေစိုက်ရာ ခေါ်ဇာမြို့မြောက်ဖက် ၄ မိုင်ခန့်အကွာ ရင်းဒိန်ကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်၊ ကဗျာဝကျေးရွာအကြား မိုင်တယ်လ်တာဝါတိုင်အမှတ် ၄၃၅ ၏ စက်ခန်းအား ဖောက်ခွဲဖျက်စီးသဖြင့် ဆက်သွယ်ရေးလိုင်းတပ်ဆင်ထားသည့် စက်ခန်း ၃ လုံးအနက် ၁ လုံးပျက်စီးသော်လည်း တာဝါတိုင်လဲပြိုခဲ့ခြင်း မရှိခဲ့ပေ။
အဆိုပါ ဗုံးထောင်ဖောက်ခွဲခြင်းသည် ၄င်းတို့၏လက်ချက်ဖြစ်ကြောင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF Facebook ပေါ်တွင် ကြေညာထားသည်။
အလားတူ စက်တင်ဘာ ၁၇ ရက် ညဦးပိုင်းတွင် ရေးမြို့နယ်အရှေ့ခြမ်း ကျောက်မိချောင်း(တောင်ပိုင်း) ကျေးရွာအနီးရှိ မိုင်တယ်လ်တာဝါတိုင်တစ်တိုင် ဗုံးခွဲခံရကြောင်း YPDF အဖွဲ့က ကြေညာခဲ့သည်။
စက်တင်ဘာလဆန်းပိုင်းမှစတင်၍ နိုင်ငံအနှံ့ ဖောက်ခွဲဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၇ ခုအထိရှိသည့်အနက် မိုင်တယ်လ်တာဝါတိုင် အနည်းဆုံး ၄၀ ခုပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိ မြန်မာနိုင်ငံ၌ တပ်ဆင်ထားသည့် မိုင်တယ်လ်ကုမ္ပဏီတွင် ဗီယက်နမ်စစ်တပ်၏ ဗီယက်တယ်လ်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း၊ မြန်မာစစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC က ၂၈ ရာခိုင်နှုန်းနှင့် Myanmar National Telecom Holding Public ကုမ္ပဏီလီမိတက်က ၂၃ ရာခိုင်နှုန်းတို့ဖြင့် ပူးပေါင်းတည်ထောင်ထားသည်။
MNA – ပေးပို့သည်။