Lung Sha Yang ကျေးရွာတွင် ကျွဲ၊ နွားများ စစ်တပ်၏ မိုင်း နှင်းမိပေါက်ကွဲလျှင် မိုင်းတန်ဖိုး ပေးရ

0
439

ပူတာအိုမြို့နယ် Lung Sha Yang ကျေးရွာရှိ မြန်မာအစိုးရတပ် က ရွာထဲ မိုင်းများ ထောင်ထားပြီး ရွာသားများ၏ ကျွဲ၊ နွားများ နှင်းမိပေါက်ကွဲပါက မိုင်းတန်ဖိုးကို တိရစ္ဆာန်ပိုင်ရှင်များထံ တောင်းနေကြောင်း ရွာသားများ ဆိုသည်။

လျော်ကြေးအဖြစ် ပေါက်ကွဲသွားသော မိုင်း (၁)လုံး တန်ဖိုးကို ကျပ်ငွေ (၃)သိန်း သတ်မှတ်ထားသည်ဟု ရွာသားများဆိုသည်။ ထို့အပြင် ထိခိုက်သေဆုံးသွားသော ကျွဲ၊ နွား အသား တစ်ဝက်ကိုလည်း ပေးရကြောင်း ဆိုသည်။

ဇွန်လ အတွင်း စခန်းမှ ပူတာအို နယ်မြေခံ ခြေလျင်တပ်ရင်း ခလရ (၄၆) နှင့် (၁၃၈) တို့ ထောင်ထားသော မိုင်း နှင်းမိပေါက်ကွဲမှုကြောင့် ရွာသားများ၏ ကျွဲ၊ နွား စုစုပေါင်း (၄)ကောင် သေဆုံးခဲ့ရသည်။

ယခုလို အိမ်မွေး တိရစ္ဆာန်များ မိုင်းနှင်းမိပေါက်ကွဲတိုင်း ရွာသားများ လျော်ကြေးငွေ ပေးရခြင်းပေါ် ဒေသခံ ကျေးရွာဖွံ့ဖြိုးရေး ဦးဆောင်သူ ဦးအောင်ခမ်း ယခုလို သုံးသပ်သည်။

“စစ်တပ်သည် ရွာအလယ်မှာ ရှိနေတယ်။ ဒါကြောင့် လမ်းပေါ်မှာ မိုင်းထောင်ထား သလိုဖြစ်တယ်။ ရွာသားများ အတွက်လည်း လုံခြုံမူမရှိဘူး။ သူတို့က ရွာအလယ်မှာ မိုင်းထောင်ထားတော့ ပေါက်ကွဲမူဖြစ်ပွားတယ်။ ရွာသားတွေက လျော်ကြေး ပြန်ပေးရတယ်ဆိုတော့ မတရားဘူး။ စစ် အာဏာသုံးပြီး ရွာသားတွေကို ဖိနှိပ်နေတယ်လို့ မြင်တယ်။”

ဆွမ်ပရာဘွမ်-ပူတာအို လမ်းမပေါ် Lung Sha Yang ကျေးရွာသည် တိုက်ပွဲဖြစ်ပွားနေသော နယ်မြေ မဟုတ်သောကြောင့် စစ်တပ်မှ ကျေးရွာအတွင်း မိုင်းထောင်ခြင်း ရပ်တန့်ရန် ရွာသားများ တောင်းဆိုနေသည်။

ယခုလို ရွာအလယ်တွင် စစ်တပ် အခြေစိုက်ထားရှိခြင်းကြောင့် ရွာသားများအတွက် နေ့စဉ် အသွားအလာ ခက်ခဲပြီး လုံခြုံမှုလည်း မရှိကြောင်း ရွာသားများပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here