မြိုင်ကြီးငူရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ

0
333

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူတွင်နေထိုင်သည့် စစ်ဘေးရှောင် (၅,ဝဝဝ)ကျော်မှာ ဇူလိုင်လ ၆ ရက်နေ့မှစ တင်ပြီး ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသည့်အတွက် အဓိကဆန်စားနပ်ရိက္ခာများအရေးပေါ် လိုအပ်လျက်ရှိကြောင်း စစ်ပြေးရှာင်စခန်းမှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ပြေးရှောင်များ နေ့စဉ်စားသုံးရန် တစ်ရက်လျှင်ဆန်အိတ်ပေါင်း (၂၁) အိတ် ချက်ပြုတ် နေရပြီး ဆန်အလှူရှင်များ ပုံမှန်မရှိသည့်အတွက် ယခုလို ရိက္ခာပြတ်တောက်မှုနှင့် ကြုံတွေ့ ရခြင်းဖြစ်သည်ဟု မြိုင်ကြီးငူ စစ်ပြေးရှောင်စခန်းမှ စားနပ်ရိက္ခာဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ စောထွန်းက ကေအိုင်စီသို့ ပြောသည်။

“လူတွေကများတော့ ဒီလိုတခါတလေပြတ်တောက်သွားတာရှိတယ်။ ပြတ်တောက်တဲ့အချိန်မှာ သူတို့မှာ စုဆောင်းထားတာနဲ့ပဲ ချွေတာပြီးစားရတာပေါ့ ။ ဆီ၊ ပဲပုပ်တွေကတော့ ရှိသေးတယ် ။ သိပ်မပူရဘူး။ အဓိကဆန်ပဲ အစိုးရဆီမှာတော့ တောင်းထားတုန်းပဲ။ အခုတော့ တစ်ခြားရွာက ရွာသားတွေ နဲ့ သူတို့ ဘုန်းကြီးတွေ လာပြီး ဆန်လာလှူမယ်ကြားတယ်” ဟု ပြောသည်။

လက်ရှိ မြိုင်ကြီးငူစစ်ဘေးရှောင်များ ရင်ဆိုင်နေရသည့် ဆန်ရိက္ခာအခက်အခဲကို အချိန်မှီ ဖြည့်တင်းနိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ဖားအံမြို့နယ် ရသေ့ပျံကျေးရွာရှိ သံဃာတော်နှင့် ဒေသခံရွာသား များ စုပေါင်းကာ ဆန်အိတ်ပေါင်း ၁၀၀ ကျော် ကြိုတင်သွားရောက် လှူဒါန်းပေးထားခြင်းရှိသည်ဟု သိရသည်။

ထို့အပြင် ကရင်ပြည်နယ်အစိုးရအနေဖြင့်လည်း ပြီးခဲ့သည့် မတ်လက ဆန်အိတ်ပေါင်း တစ်ထောင်ကျော် လှူဒါန်းပေးမှုများ ရှိခဲ့သည့်အပြင် လက်ရှိအခြေအနေအား ဖြေရှင်းနိုင်ရန် စခန်းတာဝန်ရှိသူများက လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် တောင်းခံထားမှုရှိသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါဒေသအတွင်း တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF )ပူးပေါင်းတပ်နှင့် ခွဲထွက် DKBA အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော ဒေသခံရွာသားများမှာ မြိုင်ကြီးငူစစ်ရှောင်စခန်း၌ သွားရောက်ခိုလှုံခဲ့ကြခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ နေရပ် ဒေသမပြန်ရဲသေးဘဲ လူဦးရေ ၅ထောင်ကျော် ၎င်းစစ်ရှောင်စခန်း၌ ခိုလှုံနေရဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here