စစ်ရှောင်များ ၎င်းတို့ ကျေးရွာထဲ ပြန်လည် နေထိုင်ခြင်းကို မြန်မာ အစိုးရတပ် ခွင့် မပြု

0
376
နမ်ဆန်ယန် ကားဂိတ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ် နမ်ဆန်ယန် စစ်ရှောင်ကျေးရွာတွင် ပြန်ဝင်လာသော ရွာသားများကို မြန်မာအစိုးရတပ်မှ ထပ်မံ မောင်းထုတ်နေပါသည်။

တိုက်ပွဲနည်းလာခြင်းကြောင့် ၎င်းတို့ ကျေးရွာတွင် ပြန်လည် နေထိုင်လာသော မိသားစု (၁၇)စုကျော်မှ ရွာသား (၆၀)ခန့်ကို ဇူလိုင်လ (၁)ရက်နေ့ နောက်ဆုံးထား ထွက်သွားရန် ခြေလျင်တပ်ရင်း (၂၅၉) စစ်သားများ ဇွန်လ (၂၉)ရက်နေ့ ရွာထဲလာရောက် သတိပေးခဲ့သည် ဟု ရွာသားများဆိုသည်။

ယခုလို အစိုးရတပ်၏ သတိပေးမှုကြောင့် ရွာသားများ အများစုသည် ဗန်းမော် ဘက်နှင့် အချို့သည် မြစ်ကြီးနား ဘက်ကို ထွက်သွားရကြောင်း ပြောပါသည်။

မည်သည့်အကြောင်းကြောင့် မောင်းထုတ်နေသည်ကို မသိသော်လည်း ရွာသားတစ်ဦး ဖြစ်သူ ဒေါ် မေရီ က ယခုကဲ့သို့ သုံးသပ်ပြောသည်။

“စစ်တပ် ဘာကြောင့် မောင်းထုတ်တာ မသိပါဘူး။ ဒါပေမယ့် ဒီနေရာတွေကို အမည်းရောင် နယ်မြေအဖြစ် သတ်မှတ်ထားတယ်။ KIA ကို အဆက်အသွယ်၊ အကြိုအပို့၊ အဝင်အထွက်လုပ်စေတယ်လို့ စွပ်စွဲတယ်။”

စစ်တပ်၏ အမိန့်ပေးရွှေ့ပြောင်းခိုင်းခြင်းကြောင့် ဇူလိုင်လ (၁)ရက်နေ့ နောက်ဆုံးထား၍ ရွာသားများ အားလုံး ထွက်ပေးခဲ့ကြခြင်း ဖြစ်သည်ဟု ဒေါ်မေရီ ဆက်ဆိုသည်။

ဝိုင်းမော်မြို့နယ်ရှိ နမ်ဆန်ယန် ကျေးရွာနှင့် ပတ်ဝန်းကျင်တွင် ၂၀၁၂ ခုနှစ်က တပ်မတော် နှင့် ကချင်လွပ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ရွာသားများ အားလုံး ထွက်ပြေးခဲ့ရသည်။ ၂၀၁၆ နောက်ပိုင်း တိုက်ပွဲ နည်းလာချိန်မှ ၎င်းတို့ ကျေးရွာသို့ ပြန်လည် ဝင်ရောက် နေထိုင်လာခြင်း ဖြစ်သည်။

ကျေးရွာသို့ ပြန်လည် အခြေချနိုင်ခွင့် ရရှိရေးအတွက် နမ်ဆန်ယန် စစ်ရှောင်ရွာသားများသည် ဒေသအခြေစိုက် မြန်မာအစိုးရတပ်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွာသားများ ဆိုပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here