ရခိုင်ပြည်တွင် ရက္ခိုင့်တပ်မတော်တည်ရှိရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း ULA/AA ပြောဆို

0
382

နေပြည်တော်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် NCA-NS EAO ၈ ဖွဲ့တို့ ယနေ့မွန်းလွဲပိုင်းအချိန် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး AA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးကျော်ဟန်က ရခိုင်ပြည်တွင် ရက္ခိုင့်တပ်မတော်တည်ရှိရေးဟာ ULA/AA ၏ အဓိကရည်မှန်းချက်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျနော်တို့ ရခိုင်တွေအဖို့ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်တည်ရှိရေးဟာ ULA ရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်။ ရခိုင်ပြည်သူတွေကို ရက္ခိုင့်တပ်မတော်ကပဲ လုံခြုံအေးချမ်းဖို့ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူနိုင်မှာဖြစ်တယ်လို့ ကျနော်တို့ ခံယူထားတဲ့အတွက် ကျနော်တို့ဟာ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်နေတာဖြစ်တယ်။ အခုလည်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ တာဝန်ယူနေပြီဖြစ်တယ်” ဟု ဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

သို့ရာတွင် ရက္ခိုင့်တပ်မတော်အနေဖြင့် ရခိုင်နိုင်ငံထူထောင်ရေးဆိုသည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း ယနေ့ဆွေးနွေးပွဲ၌ ၎င်းက အစိုးရကိုယ်စားလှယ်များကို ရှင်းပြခဲ့သည်ဟုလည်း ဆိုသည်။

၎င်းက “ တပ်ဖက်က ခေါင်းဆောင်တွေကို ကျနော်တို့ပြောခဲ့ပါတယ်၊ ကျနော်တို့ဟာ မြောက်ဦးမြို့ထဲမှာ တိုက်ပွဲဖော်တာမရှိဘူး ဆိုတာ ကျနော်တို့အတိအလင်းပြောခဲ့တယ်၊ ဒါဟာ ကျနော်တို့တိုက်ပွဲဖော်ခြင်း မဟုတ်ဘဲနဲ့ အရပ်သားပြည်သူတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တာကိုတော့ တားပေးပါ၊ နောက်နောင် ဒီလိုမဖြစ်ပါစေနဲ့လို့ တင်ပြခဲ့တယ်” ဟု ဆက်ပြောသည်။

သို့ရာတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး တပ်မတော်က အကြောင်းမဲ့ ပစ်ခတ်ခြင်းမဟုတ်ဘဲ မြောက်ဦးမြိုပေါ်က လုံခြုံရေးတာဝန်ယူထားသည့်တပ်ရင်းတစ်ခုကို AA အဖွဲ့က စတင်ပစ်ခတ်မှုကြောင့် ပြန်လည်ပစ်ခတ်ရခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက သတင်းဌာနများကို ပြောကြားခဲ့သည်။

အလားတူ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ရခိုင်ပြည်နယ်သည် အဖြူရောင်နယ်မြေဖြစ်ပြီး ယခု AA လက်နက်ကိုင်အဖွဲ့အစည်း ရောက်ရှိလာသည့်အတွက် အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သော တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းထောက်များကို ယနေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် NRPC နှင့် အပစ်ရပ် လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့တို့တွေ့ဆုံမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ရှေ့ဆက် လုပ်ငန်းစဉ်များအတွက် ခြေလှမ်းကောင်း ဖြစ်ကြောင်းနှင့် ၂ လတစ်ကြိမ် ပုံမှန်တွေ့ဆုံရန်လည်း အစိုးရဘက်က အဆိုပြုထားသည်ဟု ဦးဇော်ဌေးက ဆိုသည်။

ဆွေးနွေးပွဲအပြီး ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းကြရန်။ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းကြရန်။ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံ ပြည်သူများအရေးအတွက် နှစ်ဖက်လုံးက အလေးထားဆောင်ရွက်ကြရန်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် အရင်းခံအကြောင်းတရားဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းကြရန်။ နှစ်ဖက်အဆုံးအဖြတ်ပေးနိုင်သည့်ပုဂ္ဂိုလ်များပါဝင်သောတွေ့ဆုံဆွေးနွေးမှုများ မကြာခဏ ဆက်လက် ပြုလုပ်သွားရန် စသည့်အချက် ၅ ချက်ပါဝင်ကြောင်းတွေ့ရသည်။

ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ‘ဝ’ လက်နက်ကိုင်အဖွဲ့ UWSP/UWSA၊ ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA၊ တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNTJP/MNDAA၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ PSC/NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/ AA နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP တို့မှ ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦးစီ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here