ကယားပြည်နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ငါးဖွင့်ဆိုင်ဆွေးနွေးသော်လည်း အဖြေမရသေးဘဲ ဖြစ်နေ

0
216

ကယားပြည်နယ် လွိုင်ကော်မြို့၌ အငြင်းပွားနေကြသည့် ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွှေ့ရေးကိစ္စ ၅ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ကျင်းပခဲ့ရာ ပြည်နယ်အစိုးရနှင့် ကရင်နီပြည် လူငယ်များအင်အားစု သပိတ်ကော်မတီဝင်များအကြား သဘောတူညီချက်မရရှိကြဘဲ ဧပြီလမကုန်မီ နောက်တစ်ကြိမ် ထပ်မံဆွေးနွေးရန် ချိန်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

လွိုင်ကော်မြို့ ကိန္နရာဟိုတယ်၌ ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အဆိုပါ ၅ ပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပခဲ့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှ ဦးဇော်ဌေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ ဒုဥက္ကဌ ခူဦးရယ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဦးဆောင်သော အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဝင်များနှင့် ကြေးရုပ်နေရာပြောင်းရွှေ့ပေးရေး လှုပ်ရှားနေသော ကရင်နီပြည် လူငယ်များအင်အားစု သပိတ်ကော်မတီဝင်များအပြင် အသိသက်သေအဖြစ် လွိုင်ကော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခူးသဲရယ်တို့ တက်ရောက်ကြောင်း သိရသည်။

ကရင်နီပြည် လူငယ်များအင်အားစု သပိတ်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုသောမတ်စ်က “ပြည်နယ်အစိုးရကတော့ ကြေးရုပ်မရွှေ့ပေးနိုင်ဘူးပေါ့နော်၊ ကြေးရုပ်အောက်မှာ ဗိုလ်ချုပ်အောင်ဆန်း ကတိကဝတ်တွေကို ရေးထိုးပေးမယ်၊ ဒါကသူတို့အဆိုပြုချက်ပါ၊ ကျနော်တို့ရဲ့ အဆိုပြုချက်မှာတော့ ကြေးရုပ်ကိုပြည်နယ်ပြင်ရွှေ့ပေးဖို့နဲ့ တကယ်လို့မဖြစ်နိုင်ဘူးဆိုရင်တော့ အများပြည်သူပိုင်တဲ့နေရာမှာ မထားဖို့ရယ်၊ NLD ပဲလုပ်ခဲ့တယ်ဆိုတော့ NLD ရုံးမှာထားဖို့၊ အရင်ကလည်း ကျနော်တို့တောင်းဆိုဖူးတယ်၊ သို့သော် ကျနော်တို့ နှစ်ဦးနှစ်ဖက်ညှိနှိုင်း သဘောတူညီချက်မှာဆိုရင်တော့ ဒီကြေးရုပ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်ပြီးတော့ အဖြေရှာသွားမယ်ဆိုတဲ့ဟာကို ကျနော်တို့ သဘောတူချက်ရလာတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

ထို့အတူ ကရင်နီပြည်သူလူထုများသို့ ပန်ကြားလိုသည်မှာ လူငယ်အင်အားစုများအနေဖြင့် ယနေ့အစည်းအဝေးတွင် အပြီးသတ်ဆွေးနွေမှုသို့ မရောက်ရှိနိုင်ခဲ့သည့်အပေါ် တောင်းပန်ကြောင်းနှင့် ပြည်နယ်တည်ငြိမ်ရေးကိုရှေးရှု၍ သည်းခံစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ယနေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက “ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို လက်ရှိအတိုင်းပဲ ဆက်ထားပါမယ်၊ နောက်ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေ ပင်လုံစာချုပ်ပါ အချက်တွေကို နှစ်ဖက်ညှိနှိုင်းပြီး ကဗ္ဗည်းကျောက်စာတွေကို ထားရှိပါမယ်၊ နောက်တစ်ချက်ကတော့ ကရင်နီတိုင်းရင်းသားခေါင်းဆောင်တစ်ဦးရဲ့ ရုပ်တုကိုလည်း ထားရှိမယ်ဆိုပြီး ကျွန်တော်တို့ဘက်က အဆိုပြုခဲ့ပါတယ်။ မတူညီတဲ့ အဆိုပြုချက်တွေဖြစ်နေတဲ့အတွက် ဒါကို နှစ်ဖက်လုံးက ပြန်လည်သုံးသပ်ပြီး နောက်ဧပြီလမကုန်ခင်မှာ ထပ်တွေ့ပြီး ဆွေးနွေးမယ့်သဘောပါ”ဟု ပြောသည်။

သို့သော် လာမည့် ဧပြီလမကုန်မီ အစည်းအဝေးတွင် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဝင်များ ပါဝင်ခြင်းမပြုတော့ဘဲ ၄ ပွင့်ဆိုင်အစည်းအဝေးအဖြစ် ကျင်းပမည်ဟု သိရသည်။

လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က “ကျနော်တို့အနေနဲ့ ဒီပြဿနာကို ပြေပြေလည်လည် ဖြစ်ချင်တာပေါ့၊ ဒါပေမယ့် အခု ၂ ဖက်မှာ ပြည်နယ်အစိုးရဘက်က ဒီနေရာမှာ ထားမှာပဲ၊ ဒီဖက်သပိတ်အဖွဲ့ကတော့ အများနဲ့မသက်ဆိုင်တဲ့နေရာကို ရွှေ့ပြောင်းပေးဖို့ အဲဒီနှစ်ခုဖြစ်နေတဲ့အခါကျတော့ ဒီလာမယ့်အစည်းအဝေးကျရင်တော့ ကျနော်တို့နားထောင်ကြည့်မယ်၊ ကျနော်တို့လည်း ကြားနေပါပဲ” ဟု ဆိုသည်။

ဒေသခံများကန့်ကွက်မှုနေသည့်ကြားက အဆိုပါ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုကို လွိုင်ကော်မြို့၊ ကန္တာဟေဝန် ပန်းခြံထဲတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂ ရက်နေ့က ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးသည့်အချိန်မှစတင်၍ ဆန္ဒပြကန့်ကွက်မှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြသူ ကရင်နီလူငယ်အင်အားစုအဖွဲ့ကို ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့်ပစ်ခတ်သည့်အတွက် ဆန္ဒပြလူငယ်အချို့ ဒဏ်ရာရရှိခဲ့သည်ကို သတင်းဌာနများက ဖော်ပြသည်။

ထိုနောက် ကယားပြည်နယ်အစိုးရအနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့ ကရင်နီပြည် လူငယ်အင်အားစုက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုနောက် နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက မတ်၂၀ ရက်နေ့တွင် တွေ့ဆုံ၍ အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကရင်နီပြည် လူငယ်အင်အားစုအဖွဲ့ကို ပြောကြားခဲ့ပြီးနောက် ယခု ၅ ပွင့်ဆိုင်အစည်းအဝေးကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here