ကမ်းနားလမ်းရှိ နှုတ်မိန့်ဖြင့် မြေဖို့သည့်ကိစ္စ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရ ညှိုနှိုင်းဖြေရှင်းပေးမည်ဟု ဖားအံလူထုအား ဒေါ်အောင်ဆန်းစုကြည် ကတိပြု

0
333

ဒီမိုကရေစီစနစ် ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နှုတ်မိန့်ဖြင့် အမိန့်ပေးညွှန်ကြားသည့် မည်သည့်ကျူးကျော်မှုများကိုမဆို လက်မခံနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၈ရက်၊ ယနေ့တွင် ကရင်ပြည် နယ်၊ ဖားအံမြို့ခံလူထုနှင့် တွေ့ဆုံရာ၌ ပြောဆိုလိုက်သည်။

ယနေ့ ဇွဲကပင်ခန်းမတွင် ပြုလုပ်သည့် မြို့ခံလူထုနှင့်တွေ့ဆုံပွဲတွင် အမှတ်(၅)ရပ်ကွက်မှ မြို့မိမြို့ဖတစ်ဦးက ဖားအံကမ်းနားလမ်းရှိ ခြံခတ်ထားသည့် ၎င်းမြေအတွင်း ပြည်နယ်အစိုးရနှုတ်မိန့်ဖြင့် UHM ကုမ္ပဏီက မြေဖို့ကျူးကျော်သည်ဟု တင်ပြတိုင်ကြားမှုအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

“ကျမ ပထမဆုံးပြောချင်တာက ဒီမိုကရေစီစနစ် သုံးစွဲတဲ့နိုင်ငံတွေမှာ ဘယ်သူ့နှုတ်မိန့်နဲ့မှ ဘာမှလုပ်လို့မရဘူးဆိုတာ အားလုံးသိအောင် ကျမ ပြောချင်ပါတယ် ။ကျူးကျော်တယ်ဆိုတာ ကျမတို့ဘယ်လိုနည်းနဲ့မှ လက်ခံစရာအကြောင်း မရှိပါဘူး။ သူဌေး တွေပဲ ကျုးကျော် ကျုးကျော်၊ တောင်သူလယ်သမားတွေပဲ ကျူးကျော်၊ ကျူးကျော်တယ်ဆိုတာ စည်းကမ်းဥပဒေကို ချိုးဖောက် လိုက်တာပဲဖြစ်တယ်။ ဘယ်သူမှ ကျူးကျော်တဲ့အလုပ်ကို မလုပ်ကြပါနဲ့။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ထို့အပြင် မည်သည့်တင်ပြတောင်းဆိုမှုများကိုမဆို ရုံးစာဖြင့် စည်းမျဉ်းစည်းကမ်းဥပဒေအရ အဆင့်ဆင့် တင်ပြပြီး တရားဝင် ဆုံး ဖြတ်ပြီးမှသာ တရားဝင်ညွန်ကြားချက်ပေးရမည်ဖြစ်ပြီး ယခုတင်ပြမှုကို ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့ ညှိနှိုင်းကာ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသည်။

UHM ကုမ္ပဏီသည် ဖားအံမြို့၊ ကမ်းနားလမ်းတိုးချဲ့ရေးလုပ်ငန်းအပြင် အခြားသော စီမံကိန်းလုပ်ငန်းများဖြစ်သည့် ယခင် အဝေးပြေး ကားဝင်းဟောင်းနေရာတွင် တည်ဆောက်မည့် ဇွဲကပင်ပလာဇာ အဆင့်မြင့်ဈေးဝယ်စင်တာနှင့် ရွှေဖားစည်အိမ်ရာ စီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။

ယနေ့ နိုင်ငံတော်အတိုင်ပင်ခံ၏ ကရင်ပြည်နယ်ခရီးစဉ်တွင် မေးခွန်းများလက်ခံရန်နေရာနှင့် တိုင်ကြားစာလက်ခံရေးနေရာများ ကို ဖွင့်လှစ်ပေးထားပြီး တွေ့ဆုံပွဲတက်ရောက်လာသူ ဒေသခံများက ကရင်ပြည်နယ်အတွင်း ရင်ဆိုင်နေရသည့် မြေယာပြဿနာ များနှင့် ဖွံ့ဖြိုးရေးကိစ္စများကို အဓိကထား တင်ပြခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မနက် မွန်ပြည်နယ်၊ မော်လမြိုင်မြိုမှတစ်ဆင့် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မတ်လ ၁၉ရက်နေ့တွင် မြဝတီမြို့၌ ပြုလုပ်မည့် ထိုင်း-မြန်မာနှစ်နိုင်ငံကို ဆက်သွယ်ထား သည့် အမှတ်(၂) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပွဲအခမ်းအနားကို သွားတက်ရောက်မည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here