ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပအိုဝ်း ပြည်သူများ ဆက်လက်ပါဝင်ရန် PNLO တိုက်တွန်း

0
230

ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွင် ပအိုဝ်း ပြည်သူများ တက်ကြွစွာ ဆက်လက်ပါဝင်ရန် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်-PNLOက ယနေ့ (မတ် ၂ဝရက်)ကျရောက်သော နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့အတွက်ပေးပို့သည့် သဝဏ်လွှာ၌ တိုက်တွန်းပြောဆိုခဲ့သည်။

“ကျင်းပပြီးစီးခဲ့သော ပထမအကြိမ် ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များကို ကိုင်စွဲ၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လမ်းကြောင်းတွင် ခိုင်ခိုင် မာမာ ရပ်တည်ပြီး ၂၁-ရာစုပင်လုံညီလာခံအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်အဆင့်နှင့် ငြိမ်းချမ်းရေး တည် ဆောက်မှုလုပ်ငန်းစဉ်တွင် ပအိုဝ်းပြည်သူများ တက်ကြွစွာ ဆက်လက် ပါဝင်ကြရဦးမည်ဖြစ်ပါသည်” ဟု တိုက်တွန်းထားသည်။

PNLOသည် ပထမအကြိမ်မြောက် ပအိုဝ်းအမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်မှ ၂၀ရက်နေ့အထိ၊ ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြုလုပ် ကျင်းပခဲ့ပြီးနောက် ၎င်းမှရရှိခဲ့သည့် ဆွေးနွေးပွဲရပ်လဒ်များနှင့်အညီ တတိယအကြိမ် အထိပြုလုပ်ပြီးစီးသွားခဲ့ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးပွဲများတွင် ပါဝင်တက်ရောက်ခဲ့သည်။

PNLO အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းအကြောင်းအတိုင်း ဆက်လက်သွားရန် ဆန္ဒရှိသော် လည်း လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိက ပါဝင်ဦးဆောင်သည့် အင်အားကြီး တိုင်းရင်းသား လက် ကိုင်အဖွဲ့အစည်း နှစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် ရှမ်း(သျှမ်း)ပြည် ပြန်လည်ထူထောင်း ရေးကောင်စီ-RCSS တို့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ် နေမှုများကြောင့် ယာယီရပ်တန့်နေမှု များရှိနေသလို ကျန်တိုင်းရင်းသားအားလုံးပါဝင်ရေးအတွက်လည်း ညှိနှိုင်းနေဆဲ အခြေအနေတွင်ရှိနေသေး သည်။

ဆက်လက်ပြီး ပြည်သူလူထုပါဝင်မှုဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရေး၊ အားလုံး ပါဝင်ရေးမူကို အခြေခံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဘဝတူ ညီနောင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများအားလုံး ပါဝင်နိုင်ရေးအတွကိုလည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်အနေဖြင့် ပေါင်း ကူးတံတားအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ယနေ့ပေးပို့သည့် PNLO၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ယနေ့ကျရောက်သည့် နှစ် (၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပအိုဝ်းဒေသအသီးသီးနှင့် နိုင်ငံတကာရောက် ပအိုဝ်းလူမျိုးများအနေဖြင့်လည်း အသီးသီးပြုလုပ်ကျင်းပခဲ့ကြပြီး နေပြည်တော်နှင့် ကရင်ပြည်နယ်တွင်လည်း ပြုလုပ်ကျင်းပခဲ့ကြသည်။

အလားတူ ပအိုဝ်းအမျိုးသားများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ဥပဓိရုပ်သည် နိုင်ငံရေး ၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သတင်းမီဒီယာ အစရှိသည့် ကဏ္ဍအသီးသီး နယ်ပယ် အသီးသီးတွင် ပအိုဝ်းပြည်သူများ၏ တာဝန်ယူထမ်းဆောင်နိုင်စွမ်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်စွမ်းပေါ် မူတည်ပြီး ၎င်းဥပဓိရုပ် ပီပီပြင်ပြင် ဖြစ်စေရေးနှင့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် နိုင်ရေးအတွက် ပအိုဝ်းပြည်သူများအပါအဝင် ပြည်ထောင်စုညီအစ်ကိုမောင်နှမများနှင့်အတူ ဆက်လက်ရပ်တည်ဖော်ဆောင် သွားမည်ဖြစ်ကြောင်းလည်း PNLOက ပြောဆိုခဲ့သည်။

PNLO သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ်-NCA ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့တွင် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

ဂေါတမ မြတ်စွာဘုရားရှင်ကို သထုံပြည်သို့ ပင့်ဆောင်ပူဇော်ပေးခဲ့သော သုဝဏ္ဏဘူမိ သထုံပြည့်ရှင် သထုံမြို့ ရွှေစာရံစေတီတော် မူလဒါယိကာ သူရိယစန္ဒာမင်းကြီး၏ မွေးနေ့တော် တပေါင်းလပြည့်နေ့ကို အစွဲပြု၍ ပအိုဝ်း အမျိုးသားနေ့အဖြစ် ၁၉၄၈ ခုနှစ်၊ မတ်လတွင် သထုံမြို့ ရေကျော်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ကျင်းပခဲ့သည့် ပအိုဝ်းပြည်သူတစ်သောင်း(၁၀,၀၀၀)ကျော် ပါဝင်သော လူထုအစည်းအဝေးကြီး၏ ဆုံးဖြတ် တောင်းဆို ချက်များအရ အတည်ပြု သတ်မှတ်ခဲ့ကြပြီး ၁၉၄၉ ခုနှစ်(ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ် တပေါင်း လပြည့်)နေ့တွင် စတင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here