မြိုင်ကြီးငူ စစ်ရှောင်စခန်းနေ ပြည်သူများ နေအိမ်ပြန်လည် ပြုပြင်ရန် ဖက်နှင့်ဝါး အမြန်လိုအပ်နေ

0
305

လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူစစ်ပြေးရှောင်စခန်းတွင် (၂) နှစ်ကျော်ကြာ ခိုလှုံနေထိုင်နေရပြီး ယိုယွင်းပျက်စီး စပြုလာသည့် စစ်ဘေးရှောင်နေအိမ်များမှာ ပြန်လည်ပြင်ဆင်ရန် အိမ်မိုးဖက်နှင့် ဝါးများ အကူအညီ လိုအပ်လျက်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် မိုးတွင်းကာလ အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ရေကြီးမှုနှင့်ထပ်မံကြုံတွေ့ရသဖြင့် နေအိမ်များမှာ ခိုင်ခန့်မှုမရှိတော့ဘဲ အများစုမှာ အသစ်ပြန်ဆောက်ရမည့်အခြေအနေဖြစ်ပေါ်နေသည့်အတွက် အခုလို အကူအညီလိုအပ်ခြင်းဖြစ်ကြောင်း မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း တစ်ခုဖြစ်သည့် အေးလင်းမြတ်ရှင်စခန်းမှ တာဝန်ရှိသူ စောရွှေထွန်းက ယခုလိုပြောသည်။

“မိုးဦးမကျခင် ဒီအချိန်မှာ အဆောက်အဦး ပြင်ရတော့မယ်။ အိမ်တိုင်းလိုလို အသစ်ပြန်ဆောက်ရမယ်။ ပြန်မ ဆောက်ရင် မိုးတွင်းမှာ ဆက်နေလို့ အဆင်မပြေဘူး။ လူအင်အားနိုင်တဲ့လူတချို့က တောထဲသွားပြီး နည်းနည်း ပါးပါးဝါးထွက်ခုတ်တယ် ။ ဝေးတော့ အဆင်မပြေဘူး။ လင်ယောက်ျားမရှိတဲ့ တချို့ ကျတော့ အခက်အခဲရှိ တယ်။ လောလောဆယ် ရိက္ခာတော့ သိပ်မစိုးရိမ်ရဘူး။ ဖက်နဲ့ ဝါးနဲ့ပဲ မြန်မြန်လိုအပ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြိုင်ကြီးငူစစ်ဘေးရှောင်များအတွက် အလှူရှင်များ နည်းပါးလာသော်လည်း ပြည်နယ်အစိုးရဘက်မှ (၃) လ တစ်ကြိမ် ပုံမှန် စားနပ်ရိက္ခာအတွက် ထောက်ပံ့ကူညီပေးမှုများရှိနေသေးပြီး ယနေ့အထိ အလှူရှင် မရှိသေး သည့် အင်ဖက်၊ ဝါးရရှိရေးအတွက်သာ စိုးရိမ်ပူပန်နေရကြောင်း စခန်းနေ စစ်ရှောင်မိသားစုများက ပြောသည်။

လွန်ခဲ့သည့် ၂ဝ၁၆ခုနှစ်က လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါဒေသအတွင်း အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBA (ခွဲထွက်အဖွဲ့)တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော ဒေသခံရွာသားများမှာ မြိုင်ကြီးငူဒေသသို့ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာကြသော စစ်ဘေးရှောင်များအတွက် ခိုလှှုံနေထိုင်နိုင်ရန် မြိုင်ကြီးငူ ဒေသတွင် အေးလင်းမြတ်ရှင်စခန်းနှင့် မြတ်ပန်းဝတ်မှှုံစခန်း ၂ခုကို ဖွင့်လှစ်ပေးထားပြီး လက်ရှိ စခန်း၂ ခုတွင် နေရပ်မပြန်နိုင်သေးသည့် အိမ်ထောင်စု တစ်ထောင်ကျော်မှ လူဦးရေ ငါးထောင်ကျော် ခိုလှုံနေဆဲဖြစ်သည်ဟု စခန်းမှ ကောက်ယူထားသည့် နောက်ဆုံး စာရင်းအရ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here