ကျောက်ကြီးတွင် တပ်မတော် လမ်းဖောက်စဉ် ပစ်ခတ်မှုဖြစ်ပွားရာ လမ်းဖောက်တပ်မတော်သားတစ်ဦး သေဆုံး

0
350

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ခဲဒိုကျေးရွာအုပ်စုအတွင်း ဖေဖော်ဝါရီလ ၂၃ရက်နေ့ တွင် မြန်မာ့တပ်မတော်က လမ်းတိုးချဲ့ဖောက်လုပ်နေစဉ် ပစ်ခတ်ခံရသည့်အတွက် ယာဉ်မောင်းစစ်သည်တစ်ဦး သေဆုံးသွားသည်ဟု သိရသည်။

ပစ်ခတ်ဖြစ်စဉ်မှာ ထိုနေ့ မွန်းလွဲ ၃နာရီဝန်းကျင်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီးမျိုးအောင်က ကေအိုင်စီ၏ ဆက်သွယ်မေးမြန်းမှု ကို အတည်ပြုပြောဆိုသည်။

“ဟုတ်ပါတယ်ခင်ဗျ။ ၂၃ရက်နေ့ ၃နာရီဝန်းကျင်အချိန်မှာ ကျနော်တို့ဆီက လမ်းပြင်ရေးလုပ်နေတဲ့ ဘတ်ဟိုး ယာဉ်မောင်းစစ်သည်တစ်ဦး အပစ်ခံရတယ်ခင်ဗျ။ အပစ်ခံရတော့ဗျာ ထုံးစံအတိုင်းပဲပေါ့ ပြောရရင်တော့ ဆုံးသွား တယ်ပေါ့ဗျာ။ အရင်ကတော့ ဒီလိုဖြစ်လေ့ဖြစ်ထတော့ မရှိဘူး။ လာပြီးတော့ အဝေးကြီး ပစ်သွားတဲ့သဘောမျိုးပဲ ယူဆရပါတယ်။ တစ်ချက်ပဲပစ်သွားတယ်”ဟု ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာမှာ ကျောက်ကြီးမြို့နယ်အရှေ့ဘက် မိုင် ၃၀ ခန့်အကွာ KNU-ကရင်အမျိုးသားအစည်း အရုံး၏ ကျောက်ကြီးမြို့နယ် (ကရင်အခေါ် လယ်ဒို ကော်ဆာ) ခဲဒိုကျေးရွာအုပ်စု အနီးတဝိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ယနေ့အထိ ပစ်ခတ်သူကို မသိရှိရသေးကြောင်း KNU ညောင်လေးပင်ခရိုင်ဘက်က ပြောဆိုထားသည်။

KNU ညောင်လေးပင်ခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးက “အခုက ဘယ်သူဘယ်ဝါပစ်မှန်းတော့ အခုထိ မသိရဘူး။ အဲဒီ နေရာမှာ စစ်တပ်က လမ်းအကျယ် ပြန်ဖောက်တော့ ဒေသခံတွေ သူတို့ရဲ့ လယ်ခင်းတွေလည်း ပါသွားတယ် ထင် တယ်။ ပြီးတော့ ရေမြောင်းတွေဘာတွေလည်း ပါတယ်ဆိုတော့ လမ်းက ပိုကျယ်သွားတာပေါ့။ ပြောမရဆိုမရလို့ အဲဒါလည်း ပါမယ်ထင်တယ်။”ဟု ပြောသည်။

တပ်မတော်၏ လမ်းဖောက်လုပ်နေမှုနှင့်ပတ်သက်ပြီး ကားလမ်းများ ထပ်မံ ပြုပြင်တိုးချဲ့ခြင်းမပြုရန် ဒေသခံများက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ရက် နေ့စွဲဖြင့် KNU ညောင်လေးပင်ခရိုင်တာဝန်ရှိသူများထံ စာရေးသားပေးပို့ခဲ့သည်။
ထို့အတွက် တပ်မတော်အနေဖြင့် ယခုလမ်းကို မူလရှိပြီးသား လမ်းအကျယ်ထက် တိုးချဲ့ဖောက်လုပ်ခြင်းမပြုရန် KNU ညောင်လေးပင်ခရိုင်ဘက်မှ တုံ့ပြန်ပြောဆိုထားသည်။

မည်သူမည်ဝါပစ်ခတ်မှန်း မသိရသေးသည့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်မှ KNLA တပ်မဟာ ၃ ရှိ သက် ဆိုင်ရာ တပ်မဟာမှူးထံ အသိပေး အကြောင်းကြားထားကြောင်းလည်း ဗိုလ်မှူးကြီးမျိုးအောင်က ဆက်လက် ပြောဆို သည်။

၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းလောက်က စတင်ဖြစ်သည့် အဆိုပါလမ်းမှာ ၎င်းတို့တပ်ရိက္ခာပို့ဆောင်ရန်အတွက် ၁၉၉၀ ခုနှစ်နှောင်းပိုင်းမှ ဖောက်လုပ်ထားခဲ့သည့် လမ်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောဆိုထားသည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ယခုလမ်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်နှင့် KNU ညောင်လေးပင်ခရိုင် တာဝန် ရှိသူများ တစ်ဖက်နှင့်တစ်ဖက် အလျှော့အတင်းပြုလုပ်ကာ ညှိနှိုင်းဆွေးနွေးမှုများရှိသော်လည်း ရာခိုင်နှုန်းပြည့် ပြေလည်မှု မရသေးကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကာလအတွင်း အေးချမ်းစွာ ညှိနှိုင်း အဖြေရှာသွားမည်ဖြစ် ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here