ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကို သက်ဆိုင်ရာအမတ်များက တိုက်ရိုက်ရွေးချယ်နိုင်ရေး ကရင်ပြည်သူ့ပါတီ ထောက်ခံ

0
413

ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းလွှတ်တော်အမတ်များက တိုက် ရိုက်ရွေးချယ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ထောက်ခံကြောင်း ရန်ကုန်မြို့ အခြေစိုက် ကရင်ပြည်သူ့ပါတီ-KPP က ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်) ပြုလုပ်သည့် အစည်းအဝေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်နယ်များအာဏာပိုမို ရရှိရေး၊ ငြိမ်းချမ်းရေးကိုအထောက်အကူပြုစေရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ “၂၆၁” ပြင်ဆင်ရေးကို ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပါတီ ဒုဥက္ကဌ စောစေးဝါးက ပြောသည်။

၎င်းက “သဘောတူတယ်၊ ထောက်ခံတယ်။ အဲ့ဒီအတိုင်းဖြစ်သွားမှသာ ပြည်နယ်တွေမှာ အာဏာပြန်ရှိမယ်။ ဖက်ဒရယ်ပုံစံ အာဏာ ခွဲဝေပေးသလို ဖြစ်သွားမယ်။ နို့မို့ဆို ဗဟိုကတိုက်ရိုက် ချုပ်ကိုင်သလို ဖြစ်နေတယ်”ဟု ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်)တွင် ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLDက ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်သွင်းခဲ့ပြီး ဖေဖေါ်ဝါရီ ၆ ရက်နေ့တွင် အဆိုကို မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။ ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကိုပြင်ဆင်ရန် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ယခုလို ပုဒ်မ ၂၆၁ အပြင် အခြားပုဒ်မများ ပြင်ဆင်ရေးနှင့်ပတ်သက်၍ KPP ဒုဥက္ကဌ စောစေးဝါးက “တခြား ပုဒ်မတွေ ပြင်ဆင်ရေးကတော့ တစ်ခုပြီး တစ်ခုလုပ်သွားရမှာပဲ။ အဓိကကတော့ အာဏာခွဲဝေမှု သယံဇာတ ခွဲဝေမှု၊ အခွန်ခွဲဝေမှု စသဖြင့် လုပ်နိုင်တဲ့ဟာတွေ တဖြည်းဖြည်းလုပ်သွားရမှာပဲ။ အရေးကြီးတဲ့ မူဝါဒတွေကျတော့ အချိန်စောင့်ရမယ်။ ယုံကြည် မှုရမှ တပ်ကထောက်ခံမှုရမှ ရမယ်လေ။ တစ်ဆင့်ပြီး တစ်ဆင့်လုပ်သွားရမယ်။ လောလောဆယ်က ဒီလိုဖြစ်နေတာ” ဟု ပြောသည်။

အလားတူ တိုင်းရင်းသားပါတီ ၂၄ ခုဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)က လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အမတ်များက ၎င်းတို့နှင့် သက်ဆိုင်သည့် တိုင်းနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ် ရွေး ချယ်ပိုင်ခွင့်သည် ဒီမိုကရေစီ ဖက်ဒရယ်စနစ်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ယုံကြည်သလို ထောက်ခံအားပေးရန် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် သဘောထားထုတ်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ပြီးဖြစ်သလို ပြင်ဆင် ရေးပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဖေဖေါ်ဝါရီ ၈ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ညှိနှိုင်းအစည်းအ ဝေးများကို နေပြည်တော်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here