ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှားရွှေ့ရေး တောင်းဆိုမှုအပေါ် ထောက်ခံကြောင်း KWO ထုတ်ပြန်

0
248

ကရင်နီလူငယ်များ၏ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖယ်ရှားရွှေ့ပေးရေး တောင်းဆိုမှုအပေါ် ထောက်ခံပြီး တိုင်းရင်းသား များ၏သမိုင်းနှင့် လူငယ်များ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို အစိုးရအနေဖြင့် လေးစားအသိအမှတ်ပြုရန် ကရင်အမျိုး သမီးအစည်းအရုံး-KWOက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရနှင့် ပြည်ထဲရေးလက်အောက်ခံ ရဲများအနေဖြင့် ဌာနေတိုင်း ရင်းသားများအကြားရှိနေသည့် မတူကွဲပြားမှုများနှင့် အတူတကွရှိနေပြီးသား အရာများကို အပြန်အလှန် လေးစားအသိ အမှတ်ပြုမှသာ စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ကြောင်း KWOက ဆိုသည်။

KWO အတွင်းရေးမှူး နော်ကညောဖောက “ကရင်နီလူငယ်တွေရဲ့ တောင်းဆိုမှုက တကယ်ဖြစ်သင့်တယ်။ အစိုးရအနေနဲ့က တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်ရမဲ့အချိန်မှာ ဒါမျိုးတွေ မလုပ်သင့်ဘူး။ ကြေးရုပ်တုကို ဖယ်ရှားပေးရုံ သာမကဘူး။ တိုင်းရင်းသားတွေရဲ့ လိုလားမှုကို စဉ်းစားပြီးတော့မှ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင် ရမှာဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိတွင် အာဏာရ အစိုးရသည် တိုင်းရင်းသား ပြည်သူလူထုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက်မထားဘဲ ယခင်အာဏာရှင် တပ်မတော်နှင့်ပိုမို နီးစပ်သွားပြီး ပြည်သူလူထုများနှင့်ကင်းကွာနေကာ တိုင်းပြည်အတွင်း တည်ဆောက် မည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအတွက် စိန်ခေါ်ချက်များစွာ ဖြစ်ပေါ်နိုင်သည်ဟုလည်း နော်ကညောဖောက ဆက်ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမှုအပေါ် ပြီးခဲ့သည့်နှစ်မှစ၍ ကရင်နီ(ကယား) ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်များက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ရာ ၎င်းကန့်ကွက်မှုအပေါ် အစိုးရမှ တစ်စုံတရာ တုံ့ပြန်မှုမရှိသည့်အတွက် ယမန် နေ့(ဖေဖော်ဝါရီ ၁၂ရက်)တွင် ကရင်နီပြည်လူငယ်အင်အားစုမှ ဦးဆောင်၍ ဒေသခံ ဌာနေတိုင်းရင်းသားထောင်ချီ ပါဝင်သော အထွေထွေဆန္ဒထုတ်ဖော်မှုသပိတ်ကို စတင်ခဲ့သည့် အခြေအနေထိဖြစ်ပေါ်ခဲ့သည်။
image.png

ပြည်နယ်အစိုးရနှင့် ညှိနှိုင်းသဘောတူညီမှုရရှိရန် ပြုလုပ်ခဲ့သည့် ၎င်းအထွေထွေသပိတ်အပေါ် ဒေသအာဏာ ပိုင်ရဲများက မီးသတ်ပိုက်၊ ရာဘာကျည် သေနတ်များနှင့် အကြမ်းဖက်သောနည်းလမ်းဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဆန္ဒပြ လူငယ်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး အလားတူ ဆန္ဒထုတ်ဖော်မှုများကို ဦးဆောင်ခဲ့သည့် လူငယ်(၅၅)ဦးကိုလည်း ယခင်ရက်များက တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။

၎င်းလုပ်ရပ်များအပေါ် NLD အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ အသံကိုနားထောင်ရန်နှင့် တိုင်းရင်းသား ဒေသ တွင်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကိုဖယ်ရှားပေးရန် တောင်းဆိုခဲ့သလို အစိုးရနှင့် စစ်တပ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သော တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ ပင်လုံကတိကဝတ်များကိုသာ ဆောင် ရွက်ပေးသင့်ကြောင်း KWO၏ ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။

ထို့အပြင် လက်ရှိ လူ့ဂုဏ်သိက္ခာအပေါ် အခြေခံသည့် ဆက်ဆံမှုများဖြင့် မတူကွဲပြားမှုအပေါ် အပြန်အလှန် အသိ အမှတ်ပြု ရမည့်အချိန်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူတကွရှေ့ဆက်သွားမည့်အချိန်ဖြစ်သည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အကြံပြု တိုက်တွန်းထားသည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် တစ်ရက်တာ ကရင်နီပြည်သူများ၏ အထွေထွေသပိတ်ကို ညနေပိုင်းတွင် ဆန္ဒပြလူငယ်များနှင့် အစိုးရအကြား ဆန္ဒပြလူငယ်များအား တရားစွဲဆိုထားသောအမှုများကို ရုပ်သိမ်းရန်နှင့် ရှေ့ဆက် ဆန္ဒပြမှုများကို ရပ်ဆိုင်း ထားရန်အပြင် ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်သည့် သဘောတူညီ ချက်(၅)ချက်ပါ ညှိနှိုင်းသဘော တူညီချက်များရရှိခဲ့ပြီး နောက် ည ၇ နာရီခွဲကျော်တွင် ထိုအထွေထွေ သပိတ်ကို ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here