ကချင်စစ်ရှောင်နေရပ်ပြန်နိုင်ရေး NRPC နှင့် KHCC အလွတ်သဘော ဆွေးနွေး

0
240
All-focus

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးစင်တာ NRPC မှ တာဝန်ရှိသူများနှင့် ကချင်စစ်ပြေးဒုက္ခသည် လူသားချင်းစာနာမှုကော်မတီ KHCC တို့သည် ယမန်နေ့က ရန်ကုန်မြို့တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရပါသည်။

Kachin Humanitarian Concern Committee အနေဖြင့် စစ်ရှောင်များ စိတ်ငြိမ်းချမ်းစွာနှင့် လုံခြုံစွာ နေရပ်ပြန်နိုင်ရေး ပြောဆိုခဲ့သည်ဟု KHCC ခေါင်းဆောင်လည်းဖြစ် KBC ဥက္ကဌလည်းဖြစ်သူ သိက္ခာတော်ရ ဆရာခလမ် ဆမ်ဆွန် မှ ပြောပါသည်။

“စစ်ရှောင်တွေ နေရပ်ပြန်တဲ့အခါ လုံခြုံ အေးချမ်းစွာ နဲ့ ပြန်နိုင်ဖို့ အစိုးရကို ပြောပါတယ်။ KIO နဲ့ တပ်မတော်ဘက် ဆွေးနွေးပြီး ဘယ်နေရာတွေ ပြန်လို့ရပြီဆိုတဲ့အချက် သိပြီဆိုရင် တခြားအပိုင်းကျွန်တော်တို့ ဆက်လုပ်သွားမယ် ဆိုတဲ့အချက် ဆွေးနွေးခဲ့ပါတယ်” ဟု ပြောပါသည်။

အဆိုပါ အလွတ်သဘောတွေ့ဆုံမှုတွင် NRPC မှ ဦးဇော်ဌေး ၊ ဦးဝင်းနိုင်ထွန်း တို့ဖြစ်ပြီး KHCC ဘက်မှ ခေါင်းဆောင် သိက္ခာတော်ရ ဆရာခလမ်ဆမ်ဆွန်၊ တွဲဖက်ခေါင်းဆောင် ကတ်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး အောင်ဒန် ၊ အတွင်းရေးမှုး ဆရာခါးလီ ၊ ဒေါ်ဂျာနန် တို့ ဖြစ်ကြောင်း သိရပါသည်။

တရားဝင်ဆွေးနွေးပွဲကို လာမယ့် မတ်လဆန်းတွင် ထပ်မံ ပြုလုပ်ရန် စီစဉ်နေသည်ဟု ပြောပါသည်။

တပ်မတော်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ နှင့် ပြည်နယ်အစိုးရအစီစဉ်ဖြင့် နမ်ဆန်ယန်ကျေးရွာ အိမ်ထောင်စု ၁၇ စုကို ဇန်နဝါရီ ၃၀ ရက်နေ့ သွားရောက်ပို့ဆောင်ခဲ့ပါသည်။ ထပ်မံ၍လည်း ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အိမ်ထောင်စု ၂၉ စုကို ပြန်လည်နေရာချထားရန် ပြင်ဆင်နေသည်ဟု သိရပါသည်။

သို့သော်လည်း အဆိုပါ နမ်ဆန်ယန်ကျေးရွာဒေသခံ အိမ်ထောင်စုအချို့ နေရပ်ပြန်နိုင်သည့်ကိစ္စ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တိုင်ပင်ခြင်း မရှိခဲ့ဟု KIO ဘက်မှ သိရပါသည်။

“အခုလောလောဆယ်ထိတော့ KIO နဲ့ တပ်မတော်၊ အစိုးရဘက်တရားဝင် ဆွေးနွေးတာမရှိသေးတဲ့အတွက် ဘယ်ကျေးရွာတွေက တိုက်ပွဲ ဖြစ်အုန်းမယ်၊ မဖြစ်တော့ဘူးဆိုတာ ကျွန်တော်တို့ မသိသေးဘူး” ဟု KHCC ခေါင်းဆောင် ဆရာဆမ်ဆွန် ထပ်မံ ပြောဆိုပါသည်။

တပ်မတော် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ၂ ဖက်တွေ့ဆုံဆွေးနွေးပွဲ လာမည့် ဖေဖော်ဝါရီ ၁၃ မှ ၂၀ ရက်ကြား တွင် မြန်မာပြည်တွင်း သို့မဟုတ် တရုတ်နိုင်ငံတွင် တွေ့ဆုံရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နြေ့ပီး စစ်ရှောင်အရေး ဆွေးနွေးရန်လည်း မျှော်လင့်နေကြပါသည်။

KHCC တွင် စစ်ရှောင်အများစုကို ကူညီထောက်ပံ့နေသော KBC ၊ RCM မှ ဆရာတော်များ၊ စစ်ရှောင်ကူညီရေးအဖွဲ့များ၊ စစ်ပြေးဒုက္ခသည်များ ပါဝင်ပြီး ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းထားသည်ဟု သိရပါသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့မနက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ ကချင်ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံစဉ် KHCC လုပ်ငန်းစဉ်ကို တင်ပြနိုင်ခဲ့သည်ဟု KBC အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာဖောင်ရောင်တူးမိုင် ထံမှ သိရပါသည်။

ကချင်စစ်ရှောင်နေရပ်ပြန်နိုင်ရေး လှုပ်ရှားမှုသည် လွန်ခဲ့သည့် နိုဝင်ဘာလဆန်းမှ နမ်ဆန်ယန်မှ စတင်ခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here