မြစ်ဆုံစီမံကိန်းရာသက်ပန် ရပ်တန့်ရေး ဆန္ဒပြပွဲတာဝန်ခံ ငြိမ်းစုစီ ပုဒ်မဖြင့် အမှုဖွင့်ခံရ

0
200

မြစ်ဆုံရေကာတာစီမံကိန်းကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ တာဝန်ခံ ဒေါ်ဂျာခေါ်န်ကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် မြို့နယ် ရဲစခန်းမှ တရားစွဲဆိုထားသည်ဟု သိရပါသည်။

ခွင့်ပြုချက်မရှိသော လော်စပီတာ ၊ ‘No Myitsone Dam’ နဖူးစည်း အသုံးပြုခြင်းနှင့် ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်း တို့ကြောင့် အရေးယူခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နယ် စခန်းမှူး ရဲမှုးမြင့်မိုး ပြောပါသည်။

“ဒီနေ့ စည်းကမ်းချက် ချိုးဖောက်ရတဲ့ အကြောင်းအရာက ၃ ခုရှိပါတယ်။ ငြိမ်စုစီပုဒ်မ ၁၀ မှာဖော်ပြထားတဲ့ လက်ကိုင်သံချဲ့စက်မှအပ တခြားသံချဲ့စက် ဆောင်းဘောက်တွေ အသုံးမပြုရဘူးဆိုတဲ့အချက်မှာ သူတို့ အသုံးပြုတယ်။ ပြီးတော့ NoMyitsoneDam စာသားပါတဲ့ ပိတ်စကိုလည်း အသုံးပြုမယ်ဆိုတဲ့ ပုံစံ ၃ မှာတင်ပြတောင်းခံတဲ့အချိန် အဲဒါမပါဘူး။ အဲဒီဟာကို အသုံးပြုလာတယ်။ ဆန္ဒပြသူတွေ ခေါင်းမှာ ပတ်စီးလာတယ်။ ပြီးတော့ လူစုချိန်ကြားမှာ ဟောပြောမယ့်အစီစဉ်ပါရင် ဟောပြောမယ့်သူရဲ့ နာမည်၊ အကြောင်းအရာ တွေ တောင်းပါတယ်။ အစီစဉ် မရှိပါဘူးလို့ တင်ပြထားပါတယ်။ အစီစဉ် တကယ်လုပ်လာတဲ့အခါတော့ အစီစဉ် ၁၀ ခုနှင့် အခမ်းနားတစ်ရပ်အနေနဲ့ စည်းကမ်းဖောက်လုပ်လာတဲ့အတွက် ဒါက ဥပဒေနဲ့အညီ ဆက်လက်ပြီး လုပ်ဆောင်မှာဖြစ်တယ်။” ဟု ပြောဆိုပါသည်။

ယနေ့ ဆန္ဒပြပွဲတွင် မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သော ပြည်သူ ၇ ထောင်ကျော် ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

ထိုသို့ ဆန္ဒပြလူဦးရေ များပြားခြင်းကြောင့် လော်စပီကာ အသုံးပြုရခြင်း ဖြစ်သလို၊ ခွင့်ပြုချက်တင်ထားသေား စာတမ်းပါအကြောင်းအရာနှင့် တူညီသော နဖူးစည်းကိုအသုံးပြုခဲ့ပြီး ပွဲအစီစဉ်အရ ဆုတောင်းခြင်း၊ ရည်ရွယ်ချက်ပြောကြားခြင်းတို့သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု တရားစွပ်စွဲခံရသူ ဒေါ်ဂျာခေါ်န် ပြန်လည်ပြောဆိုပါသည်။

“ကျွန်မအနေနဲ့က သူတို့ကို ခွင့်တောင်းထားတဲ့ စာသားတွေနဲ့ ရည်ရွယ်ချက် အတူတူပဲလို့ ထင်တာပေါ့။ ခေါင်းစဉ်းစာသားနဲ့ ရည်ရွယ်ချက် တင်ထားတဲ့ စာသားက ဟိုဘက်က ဒီဘက်က ကြည့်လိုက်ရင် အကုန်လုံး တူသလိုဖြစ်နေတာ။ လော်စပီကာ မသုံးနဲ့လို့ပြောပါတယ်။ ကျွန်မတို့လည်း အစထွက်တော့ ကိုယ့်ဟာကိုယ်အော်တာပဲလေ။ ဒါပေမယ့် အောတာလည်း အသံသိပ်မကြားရတော့ နောက်ကလူတွေက သုံးလိုက်တာပေါ့။ အခမ်းအနားတစ်ခုလုပ်မယ်ဆို အဖွင့်ဆုတောင်းတယ်။ ရည်ရွယ်ချက်လေးပြောပြတယ်။ စည်းကမ်းချက်လည်းပြောတယ်။ ဒေသခံတစ်ဦးအသံတွေပြောပြတယ်။ ကျွန်မလည်း ဒီလိုဖြစ်မှာ မသိဘူးလေ”

ယနေ့ အစီစဉ်တွင် ပြုလုပ်ခဲ့သော အချက်များသည် မှန်ကန်မှုရှိကြောင်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ဆန္ဒပြပွဲတွင် လာရောက်ပါဝင်ခဲ့သော ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဌ ဦးကွမ်ကရောင်အောင်ခမ်းက ယခုလို ပြောပါသည်။

အစိုးရကတော့ သူတို့မှာတင်ပြထားတဲ့အတိုင်း လုပ်ဆောင်တာပဲ။ ဒါပေမယ့် အစိုးရနဲ့ သက်ဆိုင်ရာက ကြည့်သင့်တာက မြစ်ဆုံစီမံကိန်းကို တကယ်ခွင့်ပြုတော့မှာလား ဆိုတာ စဉ်းစားသင့်တယ်။ ခွင့်ပြုချင်တယ်ဆိုရင်တော့ သူက ဖမ်းမယ်။ အရေးယူမယ် ဒါက သူ့ဖက်က လုပ်ငန်းဟုတ်တယ်။ ဒီကိစ္စမှာ လူထုက လုပ်သင့်တာ လုပ်တာပဲ။ ဟောပြောပွဲဆိုလား ဒါက ဟောပြောပွဲအဆင့်မဟုတ်ဘူး။ ဆုတောင်းတဲ့အဆင့်ပဲ။ပြီးတော့ နဖူးစည်းဆိုတာ ဘာမှ မဟုတ်ဘူးလေ။ သုံးလို့ရတာပဲ။ ပြီးတော့ အဲလောက်များတဲ့ လူအုပ်မှာ အသံချဲ့စက်သုံးရမှာဘဲ။ ဒါပေမယ့် သူတို့က သူတို့ ခွင့်ပြုချင်ရင်တော့ ဟိုဟာ မလုပ်နဲ့။ ဒီဟာ မလုပ်နဲ့။ ဆန္ဒပြပွဲကိုတောင် မလုပ်နဲ့ ဆိုလာနိုင်တယ်။ ဒါကြောင့် ဒီနေ့ လုပ်ဆောင်တာဟာ အားလုံး အမှန်ဘဲလို့ မြင်တယ်။”

လာမည့် တနင်္လာနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရုံးချိန်းအဖြစ် ခေါ်ဆိုထားသည်ဟု ဒေါ်ဂျာခေါ်န် ထံမှ သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here