၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ညီညွှတ်ရေးပါတီနှင့် တွေ့ဆုံရန် ကမ်းလှမ်းမည်ဟု မွန်ပြည်နယ် ကြံ့/ဖွံ့ပါတီ ပြောဆို

0
235

မွန်ညီညွှတ်ရေးပါတီနှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တရားဝင်တွေ့ဆုံရန် ကမ်းလှမ်းသွားမည်ဟု မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်းရေးမှူး ဦးဝင်းမော်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။

“မွန်ညီညွှတ်ရေးပါတီနဲ့ တရားဝင် တွေ့ဆုံသွားဖို့ ရှိပါတယ်၊ သူတို့ နှစ်ပါတီ ပေါင်းသွားတဲ့အထဲမှာ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း ပါပါတယ်၊ ပါတဲ့ အခါကျတော့ သူတို့နဲ့လည်း သဘောထားတွေ ကမ်းလှမ်းပြီး ဆွေးနွေးဖို့ ကြိုးစားနေတာလည်း ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ တရားဝင် တွေ့ဆုံဖြစ်ပါက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ ခွဲဝေရေးအပြင် အနိုင်ရရှိပါက အစိုးရအဖွဲ့၌ ဦးဆောင်ရေး ကိစ္စရပ်များကိုပါ ဆွေးနွေးသွားဖို့ ရှိကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် တိုင်းရင်းသား ပါတီများနှင့် ညှိနှိုင်းဆောင်ရွက်ဖို့အတွက်လည်း ပါတီဥက္ကဋ္ဌ မှ လမ်းညွှန်းထားကြောင်း၊ USDP ပါတီသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဦးတည်ချက်၊ ရပ်တည်ချက်တူသော မည်သည့် တိုင်းရင်းသားပါတီနှင့်မဆို ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဘုံတူညီချက်များ ရှိပါက တိုင်းရင်းသားပါတီများကို ဦးစားပေးသွားမည်ဟု ဦးဝင်းမော်ဦးက ဆိုသည်။

သို့ရာတွင် “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ပါတီ(USDP) က မဟာမိတ်ကိစ္စအတွက် ကျွန်တော်တို့ကို ဒီနေ့ ဒီအချိန်အထိ အကြောင်းကြားလာခြင်းတော့ မရှိသေးဘူး”ဟု မွန်ညီညွှတ်ရေးပါတီ တွဲဘက် အတွင်းရေးမှူး(၁) နိုင်လယိတမက ဆိုသည်။

ထိုကြောင့် USDP ပါတီ၏ တရားဝင် ကမ်းလှမ်းချက် ရရှိမှသာ တွေ့ဆုံမည့် ကိစ္စရပ်အား စဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာမိတ်ဖွဲ့ မဖွဲ့မှာ ယင်းပါတီ၏ ဆွေးနွေးချက်အပေါ် မူတည်ကြောင်း ၎င်းက ဆက်ပြောသည်။

USDP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးကောက်ပွဲတွင် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် တစ်ခုသာ အနိုင်ရခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှတ်တမ်းအရ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here