နိဒါန်း
“လူသတ်ခြင်းလုပ်ရပ်မှ ငြင်းဆန်ခွင့်ကို လုံးဝလက်ခံရမယ်”
– ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီ ဥက္ကဌဟောင်း ဆနျိဂျရွတ်လီ။
အာဏာသိမ်းစစ်အုပ်စုအတွက် “ပြည်သူ့စစ်မဟာဗျူဟာနှင့် မွန်ပြည်သူအတွက် သောကသံသရာ” ဟူသော ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် ပဏာမလေ့လာချက်အစီရင်ခံစာကို ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ယခု (ဇွန်) လအတွင်း ထုတ်ပြန်ခဲ့ပါသည်။
ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ဆိုခဲ့ပါအစီရင်ခံစာပါ တွေ့ရှိချက်များနှင့် အာဏာသိမ်းစစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို လေ့လာချဉ်းကပ်တင်ပြသွားပါမည်။
စစ်မှုထမ်းဥပဒေနှင့် အစီရင်ခံစာပါ တွေ့ရှိချက်များ
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၁၀ ပြည့်နှစ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကတည်းက ပြဌာန်းခဲ့သည့် ဥပဒေဖြစ်ပြီး ၁၃ နှစ်အကြာတွင်မှ လက်တွေ့ကျင့်သုံးရန် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းမှုနှင့်အတူ နိုင်ငံတဝှမ်းလုံးတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်မျက်နှာဆိုင်ထားရသည့် စစ်အုပ်စုသည် ၎င်းတို့၏ စစ်အင်အား ချိနဲ့လာမှုကို ပြန်လည်ဖြည့်တင်းရန်အတွက် စစ်မှုထမ်းဥပဒေကို အသုံးချခဲ့သည်ဟုလည်း ရှုမြင်နိုင်ပါသည်။
ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) မှ ထုတ်ဖြန့်ထားသည့် “ပြည်သူ့စစ် မဟာဗျူဟာနှင့် မွန်ပြည်သူအတွက် သောကသံသရာ” 1 အစီရင်ခံစာအတွက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀) ခုမှ မြေပြင်လူတွေ့ဖြေဆိုသူ (၁၆၇) ဦးနှင့် အွန်လိုင်းမှတဆင့် ဖြေဆိုသူ (၉၇) ဦး စုစုပေါင်း ၂၆၄ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး အချက်အလက်များ ကောက်ယူစုဆောင်းခဲ့သည်ဟု ဆိုပါသည်။
အစီရင်ခံစာ၏ အဆိုအရ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော သတင်းကြားသိရမှုသည် ဖေ့ဘွတ်ခ်နှင့် တယ်လီဂရမ်တို့မှ အများဆုံးဖြစ်ပြီး စစ်တမ်း ဖြေဆိုသူများ၏ (၈၈) ရာခိုင်နှုန်းသည် စစ်မှုထမ်းဥပဒေအပါ် သဘောမတူကြကြောင်း တွေ့ရှိရသည်။ သဘောထားမှတ်ချက်မပေးသူ (၁၂) ရာခိုင်နှုန်းရှိပြီး ဖြေဆိုသူ၏ ၁ ရာခိုင်နှုန်းကသာ စစ်မှုထမ်းဥပဒေအပေါ် သဘောတူခဲ့ပါသည်။
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းရခြင်းအကြောင်းအရင်းအပေါ် အကြောင်းအရာ (၇) ခု ခွဲခြားမေးမြန်းခဲ့ရာ စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ “လျော့ပါးလာသည့် တပ်အင်အားကို ဖြည့်တင်းရန်” ဟု ဖြေဆိုသူ ၂၀၈ ဦးအထိရှိပြီး စစ်တမ်းဖြေဆိုသူအားလုံး၏ (၈၀) ရာခိုင်နှုန်းနီးပါး ရှိခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် “ပြည်သူကို တပ်ထဲသွင်းပြီး လူသားဒိုင်းအဖြစ် သုံးရန်” ဟု ဖြေဆိုသူ (၁၆၃) ဦးရှိခဲ့ပြီး ဒုတိယအများဆုံးဖြစ်နိုင်ချေ အကြောင်းအရင်းတရပ် ဖြစ်ခဲ့ပါသည်။
“စစ်ကောင်စီအတွက် ပေါ်တင် ပေါ်တာဆွဲခွင့်ရရန်၊ စစ်ကောင်စီအာဏာပိုင်အဆင့်ဆင့် လာဘ်စားရန်နှင့် တော်လှန်ရေးအဖွဲ့၏ရန်မှ ခုခံကာကွယ်ရန်” ဟူသောအကြောင်းအရင်း (၃) ခု ဖြစ်နိုင်ကြောင်း ဖြေဆိုသူ ၁၀ဝ ဦးအထက် ရှိခဲ့ပါသည်။ တဆက်တည်းတွင် တော်လှန်သူနှင့် CDM (အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဝန်ထမ်းများအား ခွဲထုတ်ရန်ဟု ဆင်ခြင်မိသည့် ဖြေဆိုသူကလည်း (၆၆) ဦးရှိခဲ့ပါသည်။ ဖြေဆိုသူ (၄) ဦးကသာ “တရုတ် စသည့် ပြည်ပကျူးကျော်စစ်ကို ကာကွယ်ရန်” ဟု ရှုမြင်ခဲ့သည်ကို တွေ့ရပါသည်။
အာဏာသိမ်းစစ်ကောင်စီ၏ “စစ်မှုထမ်းဥပဒေကို ရှောင်လွှဲ၍ရသည့် အခြေအနေတွင် လူထုတုံ့ပြန်မှု” အစီအစဉ်အတွက် မေးမြန်းခဲ့ရာတွင်တော့ နိုင်ငံခြားသို့ တရားမဝင်နည်းလမ်းဖြင့် အလုပ်သွားရောက်လုပ်ကိုင်ခြင်း၊ တရားဝင်နည်းလမ်းဖြင့် အလုပ်သွားရောက်လုပ်ကိုင်ခြင်း အစီအရင်နှစ်ရပ်အား ရွေးချယ်ဖြေဆိုသူ ၁၇၆ ဦးရှိပြီး အများဆုံးဖြေဆိုခဲ့သည်ကို တွေ့ရပါသည်။
တဆက်တည်းတွင် “စစ်မှုထမ်းဥပဒေကို ရှောင်လွှဲ၍မရသည့်အခြေအနေတွင် လူထုတုံ့ပြန်မှု” အစီအစဉ်အတွက်လည်းမေးမြန်းခဲ့ရာတွင်တော့ တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပါဝင်သွားမည်ဖြစ်ကြောင်း ဖြေဆိုသူအများစုက ဖြေဆိုခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သို့မဟုတ်) တော်လှန်ရေးအဖွဲ့တခုခုအတွင်းသို့ ဝင်ရောက်မည်ဟု ဖြေဆိုသူ (၁၃၁) ဦး၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များထံ ဝင်ရောက်မည်ဟု ဖြေဆိုသူ (၁၀၇) ဦးနှင့် လွတ်မြောက်နယ်မြေ၊ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ခိုလှုံမည်ဟု ဖြေဆိုသူ (၉၃) ဦး စသဖြင့် ရှိခဲ့ပါသည်။
ဆိုရသော် မွန်ပြည်နယ်မှ စစ်တမ်းတွေ့ရှိချက်အရ အာဏာသိမ်းစစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းအပေါ် အများစုက လက်မခံ၊ သဘောမတူကြဟု ဆိုရမည်ဖြစ်သည်။ တဆက်တည်းတွင် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်ကိုင်ကာ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲလိုကြပြီး ရှောင်လွှဲ၍မရသည့်အဆုံးတွင်နီးစပ်ရာ တော်လှန်လှန်ရေးအဖွဲ့များထံ ဝင်ရောက်ကာ စစ်အုပ်စုအား တော်လှန်သွားမည်ဟု ဆုံးဖြတ်ထားကြသည်ကို တွေ့ရှိရပါသည်။
ဆက်စပ်အကြောင်းချင်းရာများ
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်၊ ပြည်သူ့လွှတ်တော် (ပထမအကြိမ်) ပုံမှန်အစည်းအဝေးတွင်ဖြစ်သည်။ စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးမည့် အချိန်နှင့်ပတ်သက်ပြီး စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းက မေးခွန်းမေးမြန်းခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးအေးမောင်က “နိုင်ငံတော်သမ္မတကိုယ်တိုင် အမိန့်ကြေညာထုတ်ပြန်သည့်အချိန်မှသာလျှင် အဆိုပါဥပဒေသည် အတည်ဖြစ်မည်” ဟု ဖြေကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်၊ စစ်ကောင်စီ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံသားတိုင်ဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်၊ အမျိုးသားစစ်မှုထမ်းဥပဒေ ကျနော်တို့မကျင့်သုံးရတာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိလို့ ကျနော်တို့လုပ်လို့ မရဘူး” ဟု ပြောဆိုခဲ့သည်။ 2 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင်တော့ “လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာမဖြစ်မနေကျင့်သုံးရန် လိုအပ်လာသောကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီဖြစ်ကြောင်း” စစ်ကောင်စီကထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ်ဧပြီလ တွင်တော့ အပတ်စဉ် (၁) အဖြစ် နိုင်ငံတဝှမ်းမှ အရပ်သားပြည်သူ (၄၃၀ဝ) ဦး၊ မေလတွင် အပတ်စဉ် (၂) အဖြစ် နိုင်ငံတဝှမ်းမှ အရပ်သားပြည်သူ (၅၀ဝ၀) ဦးအဖြစ် လူဦးရေ (၉၃၀ဝ) ကို စစ်မှုထမ်းအဖြစ် ခေါ်ယူသင်တန်းပေးခဲ့ပါသည်။
ပဲခူးတိုင်း တောင်ငူမြို့ ၁၆ ရပ်ကွက်၊ ဈေးလမ်းရှိ အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသားတဦးသည် စစ်မှုထမ်းရန် စာရင်းပါဝင်နေခြင်းကြောင့် မိမိကိုယ်မိမိ ဆွဲကြိုးချကာ သတ်သေသွားခဲ့သည်။ ဆွဲကြိုးချ သတ်သေသွားခဲ့သူတွင် ဇနီးနှင့်အတူ အသက် (၃) နှစ်အရွယ် သားငယ်တဦး၊ အသက် (၁) နှစ်အရွယ် သမီးငယ်တဦး ကျန်ရစ်ခဲ့ရပါသည်။ 3 ဧရာဝတီတိုင်းထဲတွင်လည်း ၂၀၂၄ ခုနှစ် မတ်လ တလတည်းတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ် ၅ ဦး မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ပါသည်။ ကန်ကြီးထောင့်မြို့နယ် ရေတွင်းချောင်ရွာမှ တဦး၊ ဖျာပုံမြို့နယ်မှ လူငယ်တဦး၊ အိမ်မဲမြို့နယ်မှ လူငယ်တဦး၊ ကြံခင်းမြို့နယ်မှ လူငယ်တဦးနှင့် လပွတ္တာမြို့နယ်မှ တဦးတို့ ဖြစ်ပါသည်။ 4
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ မွတ်ဆလင်ကျေးရွာများတွင်လည်း စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်မှုများရှိနေပြီး ငြင်းဆန်ပါက နိုင်ငံတကာက ပေးအပ်ထားသည့် အထောက်အပံ့များကို ဖြတ်တောက်မည့်အပြင် ငွေကျပ် ၅၀ဝ၀ဝ ပေးရမည်ဟု ခြိမ်းခြောက်တောင်းယူလျက်ရှိသည်ဟု ဆိုပါသည်။ ထို့အပြင် စစ်မှုထမ်းသူများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ပေးမည်ဟုလည်း မက်လုံးပေးခေါ်ဆောင်နေကြောင်း သိရသည်။ 5
တဆက်တည်းတွင် အာဏာသိမ်းစစ်အုပ်စု၏ စစ်မှုထမ်းဥပဒေကို အသက်ဝင်စေရန် ဆော်သြခြင်း၊ စာရင်းကောက်၊ မဲနှိုက်ခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးနှင့် ရာအိမ်မှူးပေါင်း (၈၂) ဦးအထိ သတ်ဖြတ်ခံထားရပါသည်။ စစ်မှုထမ်းဥပဒေထုတ်ပြန်အပြီး (၄) လတာအတွင်း လက်လှမ်းမီသမျှစုဆောင်းထားခြင်း ဖြစ်ပြီး အသတ်ခံရသူအများစုသည် ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ကချင်နှင့် မွန်ပြည်နယ်တို့မှ ဖြစ်ပါသည်။ မန္တလေးတိုင်းသည် စစ်မှုထမ်းဥပဒေနှင့်ဆက်စပ်ပြီး သတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးအဖွဲ့ဝင် (၂၄) ဦးအထိရှိပြီး အများဆုံးဖြစ်ကာ မကွေးတိုင်းသည် အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယအများဆုံး သတ်ဖြတ်ခံရသည့် တိုင်းဖြစ်ကြောင်း သိရသည်။ 6
![](https://mmpeacemonitor.org/wp-content/uploads/2024/06/Sagaing_Sarlinngyi.png)
CDM တပ်မတော်သားများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အာဏာသိမ်းစစ်ကောင်စီအတွက် စစ်မှုမထမ်းလိုသည့် နိုင်ငံတဝှမ်းမှ လူငယ် ၂၆,ဝ၀ဝ ကျော်သည် ၎င်းတို့အဖွဲ့အား ဆက်သွယ်လာပြီး ဆက်သွယ်လာသူများ၏ (၈၀) ရာခိုင်နှုန်းခန့်သည် စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်လိုသူများဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပေးခဲ့သည်ဟု ဆိုပါသည်။
သုံးသပ်တင်ပြချက်
အာဏာသိမ်းစစ်အုပ်စု၏ “ပြည်သူ့စစ်မှုထမ်းဥပဒေ” အာဏာတည်စေခြင်းသည် ပြည်သူလူထု၏ ကိုယ်စိတ်နှလုံးအား သိမ်းကြုံး ပူပန်စေသည်မှတပါး ၎င်းတို့၏ စစ်အင်အားပြုန်းတီးမှုအား ဖာထေးနိုင်ရေးအတွက် “မှန်းချက်နှင့် နှမ်းထွက်” ကိုက်မည်မဟုတ်ကြောင်း မိမိတို့၏ သတင်းသုံးသပ်ချက် (အမှတ်စဉ်-၁၃၉) 7 တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။
မွန်ပြည်နယ်ကို အခြေပြုကာ စစ်တမ်းကောက်ယူခဲ့သည့် “ပြည်သူ့စစ်မဟာဗျူဟာနှင့် မွန်ပြည်သူအတွက် သောကသံသရာ” အစီရင်ခံစာအရသော်လည်းကောင်း၊ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နေသော နိုင်ငံတဝှမ်းရှိ လူငယ်လူရွယ်များ၏ အရွေ့အပြောင်းများသည် အာဏာသိမ်းစစ်အုပ်စု၏ စစ်ကောင်စီတပ်ထဲတွင် စစ်မှုထမ်းရန်အတွက် သဘောမတူကြဟု ဆိုနိုင်ပါသည်။ အရပ်သားပြည်သူ၊ လူငယ်လူရွယ်များကို အသုံးချပြီး နိုင်ငံသားအချင်းချင်း စစ်တိုက်ခိုင်းရန် ရည်ရွယ်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စု၏ စစ်မှုထမ်းဥပဒေ အသက်သွင်းခြင်းလုပ်ရပ်ကို ပြန်လည်သုံးသပ်ဆင်ခြင်ရပေလိမ့်မည်။
ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် သန်းနှင့်ချီသော မြန်မာနိုင်ငံတဝှမ်းမှ လူငယ်လူရွယ်များကို ပစ်မှတ်ထားကာ စစ်သားစုဆောင်းရန် ဦးတည်နေသည့် အာဏာသိမ်းစစ်အုပ်စု၏ လုပ်ရပ်ကို အထူးအာရုံစိုက်သင့်သည်။ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း ဖြစ်တည်လာသည့် မြန်မာနိုင်ငံတဝှမ်းရှိ လူမှုအကျပ်အတည်းသည် နိုင်ငံ့ဧရိယာကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။ စစ်မှုမထမ်းလိုသည့် တိုင်းရင်းသားမျိုးနွယ်စုံလင်သော မြန်မာလူငယ်များသည် စစ်ကောင်စီတပ်ထဲ မဝင်ရောက်ရရေးအတွက် နည်းလမ်းမျိုးစုံ ရှာဖွေလျက်ရှိပါသည်။
အာဏာသိမ်းစစ်အုပ်စုထံ စစ်မှုထမ်းရန် ငြင်းဆန်ခြင်းကို ပြစ်မှုတရပ်အဖြစ် သတ်မှတ်လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဟန့်တားနိုင်ရေး၊ ရပ်တန့်နိုင်ရေး အထူးလိုအပ်နေပြီဖြစ်ပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ ဥက္ကဌဟောင်း ဆနျိဂျရွတ်လီ၏ သမိုင်းဝင်သဘောထားဖြင့် အဆုံးသတ်လိုပါသည်။
“လူသတ်ခြင်းလုပ်ရပ်မှ ငြင်းဆန်ခွင့်ကို လုံးဝလက်ခံရမယ်”။ ။
1 ‘ပြည်သူ့စစ်မှုထမ်းဥပဒေ – စစ်ကောင်စီအတွက် ပြည်သူ့စစ်မဟာဗျူဟာနှင့် မွန်ပြည်သူအတွက် သောကသံသရာ’ ၊ NRFF ၊ ဇွန် ၂၀၂၄
2 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား၊ Myanmar Digital News ၊ ၂ ဖေဖော်ဝါရီ ၂၀၂၂
3 တောင်ငူတွင် စစ်မှုထမ်းရန် စာရင်းပါသည့် အမျိုးသား ၁ ဦး သတ်သေ၊ ဒီဗွီဘီ၊ ၁၁ ဧပြီ ၂၀၂၄
4 ဧရာဝတီတိုင်းတွင် စစ်မှုထမ်းကိစ္စကြောင့် အဆုံးစီရင်သူ ၅ ဦးထက်မနည်းရှိ၊ ဒီဗွီဘီ၊ ၁၅ ဧပြီ ၂၀၂၄
5 စစ်မှုထမ်းရန် ငြင်းဆိုပါက နိုင်ငံတကာအထောက်အပံ့များကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ပြီး စစ်တွေ မွတ်ဆလင်ကျေးရွာများတွင် စစ်သားစုဆောင်းနေ၊ နိရဉ္ဇရာ၊ ၈ ဧပြီ ၂၀၂၄
6 စစ်မှုထမ်းဥပဒေကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ရှစ်ဆယ်ကျော် သေဆုံး၊ အာအက်ဖ်အေ၊ ၁၃ ဇွန် ၂၀၂၄
7 ပြည်သူ့စိတ်နှလုံး သိမ်းကျုံးပူပန်စေသည့် စစ်မှုထမ်းဥပဒေ အလုပ်ဖြစ်၊ မဖြစ် – အမှတ် (၁၃၉)၊ BNI-MPM၊ မတ် ၂၀၂၄