နိဒါန်း
စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတဝှမ်း စစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူပေါင်း ၃ သန်းကျော်အထိ ရှိခဲ့ပြီဖြစ်သည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ခုခံတော်လှန်စစ်အရှိန်အဟုန်မြှင့်တက်လာသည်နှင့်အမျှ စစ်မက်ဖြစ်ပွားရာနယ်မြေဧရိယာသည် တရွေ့ရွေ့ဖြင့် ကျယ်ပြန့်လာခဲ့သည်။
အာဏာသိမ်း စစ်အုပ်စုထံမှ စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များအား ခပ်စိပ်စိပ်တွေ့ရှိနေရသော်လည်း စစ်ပွဲနှင့်အတူ အာဏာသိမ်းစစ်အုပ်စု၏ရန်မှ တိမ်းရှောင်ထွက်ပြေးနေကြရသည့် မြန်မာပြည်သူလူထုအတွက်မူ ပြေးရှောင်စရာ နယ်မြေပိုမိုကျဉ်းကြပ်လာခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။
ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်တင်ပြချက်တွင် ပြေးရှောင်စရာမြေ ပိုမိုကျဉ်းမြှောင်းလာနေသော စစ်၏ မြေဇာပင် အရပ်သားပြည်သူများ၏ အရေးကို လက်လှမ်းမီသမျှ အချက်အလက်နှင့် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။
ဖြစ်စဉ် ဖြစ်ရပ်များ
၂၀၂၄ ခုနှစ် မေလ ၂၉ ရက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) ရှိ အရပ်သားပြည်သူ (၇၀) ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် 1 အတွင်း ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေကြရပါသည်။
အာဏာသိမ်းစစ်အုပ်စုသည် ဗျိုင်းဖြူရွာမှ ရွာသူ၊ ရွာသားများကို စစ်တွေမြို့ရှိ မဏိရတနာဘုန်းကြီးကျောင်း၊ သံဃာ့ရတနာဘုန်းကြီးကျောင်း၊ အိမ်စိုးမေမိဘုန်းကြီးကျောင်း၊ ယတြာဘုန်းကြီးကျောင်း၊ စစ်ကဲဘုန်းကြီးကျောင်း၊ ဓမ္မရိပ်သာဘုန်းကြီးကျောင်းနှင့် ဝိဘဇ္ဇဝါဒီဘုန်းကြီးကျောင်းတို့တွင် နေရာချပေးထားသော်လည်း စားနပ်ရိက္ခာမရှိဘဲ အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဆိုပါသည်။
“မြို့မှာ အခု လူတွေတစ်ယောက်မှ အပြင်မထွက်ရဲဘူး။ အရင်ကထက် တိတ်ဆိတ်ခြောက်ကပ်နေတယ်။ ပြီးတော့ အခုဗျိုင်းဖြူရွာသားတွေနဲ့ စစ်တွေက ကျန်ရှိနေတဲ့လူတွေကို လူသားဒိုင်းကာအဖြစ်ထားဖို့ စစ်ကောင်စီက ပြင်ဆင်နေတာ” ဟု စစ်တွေ့မြို့ခံ အမျိုးသားတဦးက ပြောပါသည်။ 2
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပျဉ်းကိုင်းရွာတွင်လည်း ဇွန်လ ၆ ရက်၊ နံနက် ၄ နာရီဝန်းကျင်အချိန်၊ စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ ဇွန်လ ၃ ရက်ကလည်း ပျဉ်းကိုင်းရွာနှင့် (၁၀) မိုင်ခန့်ကွာဝေးသည့် မတောရွာအတွင်းရှိ မင်္ဂလာဆောင် တခုအား လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၅) ဦးအပါအဝင် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးခဲ့ရပြီး ၆၆ ဦးဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်အတွင်း မတောရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ နှစ်ထောင်ကျော်သည် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ဇွန်လ ၆ ရက်အထိ နေရပ်မပြန်ရဲကြသေးပေ။ 3
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ သရက်တောနှင့် လယ်ကြီးကျေးရွာများတွင် ဇွန်လ ၄ ရက်၊ ညနေပိုင်းမှစပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံပြည်သူ နှစ်ထောင်ကျော်သည် မိုးမိတ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ 4
မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၄ ခုနှစ် ဇွန်လ ပထမအပတ်အတွင်း စစ်ရေးပဋိပက္ခတိုက်ပွဲများနှင့်အတူ စစ်ကောင်စီတပ်၏ရန်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် အရပ်သားပြည်သူပေါင်း ၈၅၀ဝ ဝန်းကျင်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၆ ရက်နေ့အထိ ၅ လကျော်ကာလအတွင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူပေါင်း ၅၆၂,ဝ၀ဝ ကျော်အထိ ရှိနေပါသည်။
ပိုမိုတိုးပွားလာသည့် စစ်ရှောင်ကိန်းဂဏာန်းများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းမှုစတင်ချိန်မှ ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်အထိ လပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံတဝှမ်း စစ်ဘေးရှောင်ပြည်သူပေါင်း သုံးသန်း ကျော် (၃,ဝ၇၆,၂၅၀ ဦး) အထိ ရှိလာပြီး ၂၀၂၃ ခုနှစ်သည် စစ်ဘေးရှောင်အရေအတွက် အများဆုံး နှစ်အဖြစ် တွေ့ရှိရပါသည်။ 5
၂၀၂၁ ခုနှစ်တွင် စစ်ဘေးရှောင် နှစ်သိန်းခွဲကျော်၊ ၂၀၂၂ ခုနှစ်တွင် စစ်ဘေးရှောင် ကိုးသိန်းနီးပါးနှင့် ၂၀၂၄ ခုနှစ် ၅ လတာအတွင်း ငါးသိန်းကျော်အထိ နှစ်အလိုက် တွေ့ရှိရပါသည်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် ဦးတည် တိုက်ပွဲဝင်နေကြရသည့် တော်လှန်ရေးအင်အားစုများ၏ အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်သည် ထိုးစစ်အသွင်သို့ ပြောင်းလဲလာခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ဘေးရှောင်အရေအတွက် အများဆုံးဖြစ်နေသည်ကို ထောက်ရှုကြည့်ပါက စစ်ရေးစစ်ဘောင်နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ အရပ်သားပြည်သူများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်ရေးသည် ပိုမိုခြိမ်းခြောက်ခံနေရသည်ဟု ဆိုနိုင်ပါသည်။
မိမိတို့ BNI – Myanmar Peace Monitor ၏ လေ့လာတွေ့ရှိချက်အရ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဖြစ်စဉ်အများစုတွင် တောင်တန်းမြေပြန့်ဒေသအလိုက် ကျေးရွာများအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းများဝင်ရောက်ခြင်း၊ အဝေးမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သတိပြုမိပါသည်။ ထို့အပြင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ဖြစ်စဉ်များကိုလည်း တွေ့ရပါသည်။
မြန်မာနိုင်ငံတဝှမ်း စစ်ဘေးရှောင်ဆိုင်ရာ ကိန်းဂဏန်းများကို ဒေသအလိုက် လေ့လာကြည့်ပါက စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင်အရေအတွက် ၁ ဒသမ ၃ သန်းကျော်နှင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်း (အရှေ့ပိုင်း)၊ မကွေးတိုင်း၊ ကရင် ပြည်နယ်၊ ကရင်နီပြည် (ကယား)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း စစ်ဘေးရှောင်အရေအတွက် သိန်းနှင့်ချီသည်အထိ များပြားနေပါသည်။
သုံးသပ်တင်ပြချက်
လာမည့် ဇွန်လ ၂၀ ရက်သည် တကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့ ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ကမ္ဘာ့စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) တို့ကတော့ ယခုလ (ဇွန်လ) မှ လာမည့်သြဂုတ်လအထိ သုံးလတာအတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပေါင်း ၂ ဒသမ ၇ သန်းသည် စားနပ်ရိက္ခာ မလုံလောက်မှု အရေးပေါ်အခြေအနေ နှင့် ကြုံတွေ့ရနိုင်သည်ဟု အစီရင်ခံထားသည်။
၂၀၂၄ ခုနှစ် ဇွန်လ ၅ရက်၊ ၎င်းတို့၏ ပူးတွဲ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်နေခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူအရေအတွက်သည် နေ့စဉ်တိုးပွားလာသည့်တိုင် အစားအသောက်နှင့် အကူအညီပေးရေးကိစ္စရပ်များအား ကန့်သတ်ခံနေရကြောင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်သူပေါင်း ၁၃ သန်းကျော်အထိ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားပါသည်။ 6
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ခုခံတော်လှန်စစ် အရှိန်အဟုန်မြှင့်တက်လာသည်နှင့်အမျှ စစ်မက်ဖြစ်ပွားရာ နယ်မြေဧရိယာသည် တရွေ့ရွေ့ဖြင့် ကျယ်ပြန့်လာခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုထံမှ စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များအား ခပ်စိပ်စိပ်တွေ့ရှိနေရသော်လည်း စစ်ပွဲနှင့်အတူ အာဏာသိမ်းစစ်အုပ်စု၏ရန်မှ တိမ်းရှောင်ထွက်ပြေးနေကြရသည့် မြန်မာ ပြည်သူလူထုအတွက်မူ ပြေးရှောင်စရာ နယ်မြေပိုမိုကျဉ်းကြပ်လာခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။
ပြေးရှောင်စရာ နယ်မြေပိုမိုကျဉ်းမြှောင်းလာနေသော စစ်၏မြေဇာပင်များ၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသော အရပ်သားပြည်သူများ၏အရေးကို လက်တွေ့ကျကျ ဖေးမကူညီနိုင်ဖို့အတွက် အထူးလိုအပ်နေပြီဖြစ်သည်။
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသော အရပ်သားပြည်သူများ၏အရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးအတွက် အလေးအနက် ကိုင်တွယ်ဖြေရှင်းရမည့် အကြောင်းချင်းရာဖြစ်သကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား အမှန်တကယ်လိုအပ်နေသူများထံ တိုက်ရိုက်ရောက်ရှိနိုင်မည့် နည်းလမ်းများအား အမြန်ဆုံး ရှာဖွေချဉ်းကပ်သင့်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
1 စစ်တွေ ဗျိုင်းဖြူရွာမှ သတ်ဖြတ်ခံရသူရွာသား (၇၆) ဦးထိရှိလာဟု AA ထုတ်ပြန်၊ နိရဉ္ဇရာ၊ ၄ ဇွန် ၂၀၂၄
2 ဗျိုင်းဖြူကျေးရွာမှ စစ်တွေမြို့ထဲတွင် စစ်ရှောင်နေရသည့်ထောင်နှင့်ချီသည့် ဒေသခံများအတွက် အရေးပေါ် အကူအညီများလိုအပ်နေ၊ နိရဉ္ဇရာ၊ ၃ ဇွန် ၂၀၂၄
3 မင်းကင်း ပျဉ်းကိုင်းရွာ ထပ်မံ ဗုံးကြဲခံရပြီး လူသုံးထောင်ကျော်ထွက်ပြေးရ၊ အာအက်ဖ်အေ၊ ၆ ဇွန် ၂၀၂၄
4 မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ နှစ်ထောင်ခန့် တိမ်းရှောင်နေရ၊ အာအက်ဖ်အေ၊ ၅ ဇွန် ၂၀၂၄
5 Internally Displaced Persons Situation in Myanmar, BNI-MPM, 28 May 2024
6 မြန်မာနိုင်ငံမှာ လူသုံးသန်းခန့် စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေ ကြုံတွေ့နိုင်၊ အာအက်ဖ်အေ၊ ၅ ဇွန် ၂၀၂၄