3 ဇူလိုင် 2024 /

See today's Peace Related News

KIO/KIA နှင့် နိုင်ငံရေးအရ မသိကိန်းများ

နိဒါန်း

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သည် ကချင်ဒေသအတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏တပ်စခန်း (၈၀) နီးပါးကို နှစ်လတာအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်တည်ထောင်လာခဲ့သည့် KIO/KIA ၏ တော်လှန်ရေးခရီးလမ်းသည် အနိမ့်အမြင့်၊ အတက်အဆင်းများခဲ့သည်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော်လည်း ဦးသိန်းစိန်အစိုးရ လက်ထက်၊ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစပြီး တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထိုမှစပြီး ၂၀၁၃ ခုနှစ်အထိ KIO/KIA ၏ ထိုးစစ်လှုပ်ရှားမှုများကို မြင်တွေ့ခဲ့ရသော် လည်း ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ၂၀၂၀ ပြည့်နှစ်အတွင်း KIO/KIA သည် ထိုးစစ်လှုပ်ရှားမှုအားလုံးကို ရပ်တန့်ကာ စစ်ရေးအရ ခံစစ်နည်းဗျူဟာကို ပြောင်းလဲအသုံးပြုလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းမှုကိုမူ KIO/KIA အနေဖြင့် “အဓမ္မမှု” ဟုမှတ်ယူပြီး “ဓမ္မ” ဘက်တွင်သာ ရပ်တည်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း “ဓမ္မနှင့် အဓမ္မ၊ အမှန်နှင့် အမှား”ကို ခွဲခြားသိ မြင်ကြရမည်ဖြစ်ကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆော်သြခဲ့သည်။ စစ်အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူများအား အကြမ်းဖက်ခြင်းမပြုရန်လည်း အာဏာသိမ်းစစ်အုပ်စုအား KIO/KIA က သတိပေးခဲ့သည်။ ထိုအချိန်မှစပြီး အာဏာသိမ်းစစ်အုပ်စုအပေါ် KIO/KIA ၏ စစ်ရေးအရ ထိုးစစ်ဆင်လှုပ်ရှားမှုများကို စတင်မြင်တွေ့လာခဲ့ရပါသည်။ သို့သော် နွေဦးတော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း KIO/KIA ၏ အခန်းကဏ္ဍနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများကိုမူ ပြတ်ပြတ်ထင်ထင် မြင်တွေ့ရခြင်းမရှိသေးသည်က အလွန် ထူးခြားနေပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေးကာလတလျှောက် KIO/KIA ၏ စစ်ရေးအရ ထိုးစစ်ဆင်လှုပ်ရှားမှုများနှင့် နိုင်ငံရေးအရ မသိကိန်းများကို လက်လှမ်းမီသမျှ ချဉ်းကပ်လေ့လာတင်ပြသွားပါမည်။

KIO/KIA ဦးဆောင်သော စစ်ရေးအဟုန်

မိမိတို့ BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းကာလ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ကောင်စီတပ်နှင့် KIO/KIA ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၅၄၈ ခု ဖြစ်ပွားခဲ့သည်။ ထိုအထဲ ၂၀၂၄ ခုနှစ်၏ (၄) လတာအတွင်း တိုက်ပွဲဖြစ်ပွားမှုသည် (၁၆၀) ကျော်အထိ ရှိပြီး ၂၀၂၁၊၂၀၂၂ နှင့် ၂၀၂၃ တစ်နှစ်ချင်းစီအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရေအတွက်ထက် ပိုမိုများပြားကာ စစ်ရေးပဋိပက္ခအရှိန်အဟုန် အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရသည်။ 1

တိုက်ပွဲဖြစ်ပွားရာ နယ်မြေများကို လေ့လာကြည့်ပါက စစ်အာဏာသိမ်းကာလအတွင်း ကချင်ဒေသအတွင်း (၁၆) မြို့နယ်၊ ရှမ်းမြောက်ဒေသအတွင်း (၁၀) မြို့နယ်၊ စစ်ကိုင်းတိုင်းအတွင်း (၈) မြို့နယ်နှင့် မန္တလေးတိုင်းအတွင်း (၁) မြို့နယ် စုစုပေါင်း မြို့နယ် (၃၅) မြို့နယ်တွင် KIO/KIA ဦးဆောင်သော မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ကောင်စီတပ်အား ထိုးစစ်ဆင်လှုပ်ရှားမှုများ ရှိခဲ့ပါသည်။ ထို့ကြောင့် KIO/KIA ၏ စစ်ရေးလှုပ်ရှားရာ မြို့နယ်အရေအတွက်သည် စစ်အာဏာမသိမ်းခင် ၂၀၁၉၊ ၂၀၂၀ ခုနှစ်များအတွင်း လှုပ်ရှားမှုနယ်မြေထက် မြို့ပေါင်း ၃၀ ကျော်အထိ ပိုမိုများပြားကျယ်ပြန့်လာခြင်း ဖြစ်ပါသည်။

KIO/KIA ၏ ဦးဆောင်မှုနှင့်အတူ ပူးပေါင်းလှုပ်ရှားလျက်ရှိသည့် တော်လှန် ရေးအင်အားစုများကမူ ကချင်ပြည်နယ် နှင့် မန္တလေးတိုင်းတွင် ကချင်ဒေသကာကွယ်ရေးတပ် (KPDF)၊ စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းမြောက် ဒေသတွင် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) စသဖြင့် ဒေသအလိုက် စစ်ရေးအရ ပူးပေါင်းကာ စစ်ကောင်စီတပ်များ ဖိအားပေးလျက်ရှိပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်၊ စစ်ကိုင်းတိုင်း ကောလင်းမြို့သိမ်းတိုက်ပွဲတွင် KIO/KIA နှင့် NUG လက်အောက်ခံ PDF တပ်ရင်းများ၏ပူးပေါင်းလှုပ်ရှားမှုကိုအထင်အရှားတွေ့နိုင်သည်။

တဆက်တည်းတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) (၄) ဖွဲ့ (KIO/KIA၊ KNU/KNLA၊ KNPP/KA၊ CNF/CNA – K3C) တို့ ပူးပေါင်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) တွင်လည်း KIO/KIA အနေဖြင့် ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်ကာ အမှတ် (၁) စစ်ဒေသဖြစ်သည့် ကချင်း၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းမြောက်၊ မကွေးနှင့် မန္တလေးဒေသများတွင် ဦးဆောင်လှုပ်ရှားလျက်ရှိပါသည်။

မြိုသိမ်း၊ စခန်းသိမ်း တိုက်ပွဲများနှင့် “ ၀၃၀၇ စစ်ဆင်ရေး”

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ရှမ်းမြောက်ပိုင်း မန်စီမြို့နယ် မဘိမ်းမြို့၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့၊ ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက် တွင် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့၊ ၂၀၂၄ ခုနှစ် မေလ ၅ ရက်တွင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ် စသဖြင့် မြို့ (၆) မြို့ကို KIO/KIA ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်း ပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။ 2

၂၀၂၄ ခုနှစ်၏ ၄ လတာအတွင်း KIO/KIA ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှု (၁၆၁) ခုကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက ဇန်နဝါရီလတွင် တိုက်ပွဲဖြစ်ပွားမှု (၄၈) ခု၊ ဖေဖော်ဝါရီလတွင် တိုက်ပွဲဖြစ်ပွားမှု (၂၃) ခု၊ မတ်လတွင် တိုက်ပွဲဖြစ်ပွားမှု (၆၀) ခုနှင့် ဧပြီလတွင် တိုက်ပွဲဖြစ်ပွားမှု (၃၀) ခုတို့ရှိပြီး မတ်လသည် တိုက်ပွဲ ဖြစ်ပွားမှုအရှိန်အဟုန်အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရှိရပါသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ တပ်စခန်း ကြီး၊ တပ်စခန်းငယ် စုစုပေါင်း (၈၀) နီးပါးကို အပြီးအပြတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုထားပါသည်။ ထိုအထဲ မိုးမောက် – လွယ်ဂျယ်တကြောရှိ စစ်ကောင်စီ တပ်အတွက် အရေးပါသော စိန်လုံတပ်စခန်း၊ ယောယုံ တပ်စခန်း၊ လော့မွန် (Lawmun) တပ်စခန်း၊ လော့ဒါန် (Lawdan) တပ်စခန်း၊ ရှန်တိုင် (Shangtai) တပ်စခန်း၊ ဖလန်း (Hpalang Bum) တပ်စခန်းများအပြင် စစ်ရေးအရ အလွန်အရေးပါသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ဂိ‌ဒေါန် (Gi Don) တပ်စခန်း စသည့် တပ်စခန်းများ ပါဝင်နေပါသည်။ 3

ထို့အပြင် ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို လုံခြုံရေးအရ ခြိမ်းခြောက်နေသော ဒေါ့ဖုန်းယန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၁၄၂)၊ အင်တပ်ဘွမ် (Ntap Bum)၊ ရဟတ်ယာဉ်ကွင်းရှိရာ ရှဒါန်ပါ (Shadan Pa)၊ ဖွန်းပရန်ဘွမ် (Hpun Pyen Bum) မဆင်ကောင့်၊ (Masen Kawng) စသည့်တပ်စခန်းများကိုလည်း KIO/KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။ 4

အထက်တွင် တင်ပြခဲ့သကဲ့သို့ စစ်အာဏာသိမ်းကာလစတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ကတည်းက စစ်ကောင်စီတပ်များအပေါ် KIO/KIA ၏ ထိုးစစ်ဆင်လှုပ်ရှားမှုများသည် အသက်ဝင်လှုပ်ရှားလာခဲ့သော်လည်း ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်မှ စတင်ပြီး စခန်းသိမ်း ဖြစ်စဉ်များ ခပ်စိပ်စိပ်တွေ့ရှိခြင်းနှင့်အတူ ပြည်သူလူထုအကြား စစ်ဆင်ရေးနာမည်တခု ထွက်ပေါ်လာခဲ့ပါသည်။ “ဝ၃၀၇ စစ်ဆင်ရေး”ကို KIO/KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက နိုင်ငံတဝှမ်း စတင်နေပြီဟူသော တွေးဆခေါ်ဝေါ်မှုများ ဖြစ်ပါသည်။

“ဝ၃၀၇ စစ်ဆင်ရေး” ဟူသော အမည်နာမနှင့် စစ်ဆင်ရေး၏ ရည်ရွယ်ချက်များအား တရားဝင်ကြေညာခြင်း မရှိသေးသည့်တိုင် KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယခုလိုပြောပါသည်။

“ဒီစစ်ဆင်ရေးဟာ ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ရှင်းလင်းဖို့ဖြစ်တယ်”။

နိုင်ငံရေးအရ မသိကိန်းများအား ခြေရာခံခြင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဦးတည်လျှောက်လှမ်းရာတွင် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ထပ်ကြပ်မကွာလိုက်ပါကာ KIO/KIA ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဦးဆောင်လှုပ်ရှားမှုများအား ထင်ရှားစွာမြင်တွေ့နေကြရပြီဖြစ်သော်လည်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်မှုများတွင်မူ KIO/KIA အနေဖြင့် နောက်ကျကျန်ရစ်ခဲ့လေသလား ဟူသော နိုင်ငံရေးအရ မသိကိန်းများစွာဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် KIO/KIA ၏ ပါဝင်မှုကို တရားဝင် ပြထားခြင်းမရှိသလို ကချင်အမျိုးသားများကိုယ်စား နိုင်ငံရေးဆိုင်ရာလုပ်ငန်းများအား တာဝန်ယူညှိနှိုင်းပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် Kachin Political Interim Coordination Team (KPICT) ၏ NUCC အတွင်း ပူးပေါင်းပါဝင်မှုသည်လည်း တင်းပြည့် ကျပ်ပြည့်ပါဝင်မှုအခြေအနေမျိုး မရှိတော့သည်ကို တွေ့ရသည်။

သို့သော် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် NUG အစိုးရအဖွဲ့အတွင်းတွင် KPICT ၏ အလုပ်အမှုဆောင်များပါဝင်နေသေးသကဲ့သို့ NUCC ၏ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့တွင်လည်း KPICT အနေဖြင့် ပါဝင် နေဆဲဖြစ်ပါသည်။ ကချင်ဒေသအတွင်းရှိ စစ်ဆင်ရေးနယ်မြေများအတွင်းတွင်လည်း KIO/KIA ၏ စစ်ရေးအရ ခေါင်းဆောင်များနှင့်အတူ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ မြေပြင် ကွင်းဆင်းစဉ် သတင်းဓာတ်ပုံများကို မကြာခဏတွေ့ရှိနေရပါသည်။

ထို့ကြောင့် KIO/KIA ၏ နွေဦးတော်လှန်ရေးကာလအတွင်း ပျောက်ဆုံးနေသော နိုင်ငံရေးအရ မသိကိန်းများကို ခြေရာခံကြည့်ရာတွင် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် KPICT အကြား လက်မှတ်ရေးထိုးထားသော “ကြားကာလ သဘောတူညီချက်” တရပ်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။

လက်ရှိကြားကာလအတွင်း နိုင်ငံရေးအရ ပိုမိုထိရောက်အောင် မြင်စွာ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်ဟူသော သဘောတူညီချက်တွင် “၎င်းတို့ နှစ်ဖက်အကြား နှုတ်အားဖြင့် ကြိုတင်သဘောတူညီခဲ့သည်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ကြားကာလ အတွင်း ကချင်ဒေသအစိုးရဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရေးတွင် ၎င်းတို့နှစ်ဖက်အကြား ညှိနှိုင်းဆောင်ရွက်ရေးမူအဖြစ် လက်မှတ်ရေးထိုးခဲ့ကြခြင်း” ဟူ၏။
အဆိုပါသဘောတူညီချက်သည် ကြားကာလပြီးဆုံးချိန်မှသာ သက်တမ်းကုန်ဆုံးမည်ဟု နားလည်ရသဖြင့် “ကချင်ဒေသ အစိုးရ” တရပ်ဖွဲ့စည်းနိုင်ရေးအထိ CRPH နှင့် KPICT အကြား နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်ရေးမူသည် ဆက်လက်တည် မြဲနေသည်ဟု နားလည်ရပါသည်။

သို့နှင့်တိုင် “ကြားကာလသဘောတူညီချက်” ပါ “နှုတ်အားဖြင့် ကြိုတင်သဘောတူညီခဲ့ကြသည်များ” ဆိုသည် ကပင် KIO/KIA အတွက် သော်လည်းကောင်း၊ KPICT အတွက်သော်လည်းကောင်း နွေဦးတော်လှန်ရေးအပေါ် ထားရှိသည့် နိုင်ငံရေးအရ မသိကိန်းများဖြစ်နေပါသည်။

မည်သို့ဆိုစေ ကချင်ဒေသအတွင်း ထွက်ပေါ်လာသော ကချင်ဒေသကာကွယ်ရေးတပ် (KPDF) ကို KIO/KIA ၏ ဦးဆောင်မှုအောက်တွင် စုစည်းညီညွတ်စွာမြင်တွေ့ရသကဲ့သို့ အခြားသော တိုင်းနှင့်ပြည်နယ်များတွင် တွေ့ရှိရသော NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များကိုလည်း ကချင်ဒေသအတွင်းတွင် မတွေ့ရှိရခြင်းသည် ထူးခြားနေသည်ဟု ဆိုရပါမည်။ ကချင်ဒေသအတွင်းရှိ စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စအဝဝအတွက် KIO/KIA ၏ ဦးဆောင်ထားနိုင်မှုသည် “ကချင်ဒေသအစိုးရ” တရပ် ဖွဲ့စည်းနိုင်ရေးအထိ သယ်ဆောင်သွားနိုင်သော နိုင်ငံရေးအရ မသိကိန်းများဖြစ်လာနိုင်မလားဆိုသည်က စောင့်ကြည့် ရမည်ဖြစ်သည်။

သုံးသပ်တင်ပြချက်

KIO/KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ၏ အာဏာသိမ်းစစ်ကောင်စီတပ်များအပေါ် ထိုးစစ်ဆင်လှုပ်ရှားမှုများသည် အရှိန်အဟုန်မြှင့်တက်နေဆဲဖြစ်သည်။ အင်ဂျန်းယန်၊ မော်လူး၊ မဘိမ်း၊ ဆင်ဘို၊ လွယ်ဂျယ်နှင့် ဆွမ်ပရာဘွမ်မြို့များအား အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သကဲ့သို့ အခြားသော နယ်မြေအရ ဆက်စပ်မှု၊ စီးပွားရေးနှင့် စစ်ရေးအရ အရေးပါသောမြို့ကြီးများ ဆက်လက်သိမ်းပိုက်ထိန်းချုပ်လာချေအလွန်များပါသည်။

ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့်ဖြစ်စေ၊ C3C (K3C+NUG) ကဲ့သို့သော စုဖွဲ့မှုတွင်ဖြစ်စေ KIO/KIA ၏ ဦးဆောင်မှု၊ ပါဝင်မှုသည် ဆက်လက်သက်ဝင် လှုပ်ရှားနေနိုင်ပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ “ဘုံသဘောရည်တည်ချက်” 5 များနှင့် ပတ်သက်ပြီး NUG ယာယီသမ္မတဒူဝါလရှီးလက ယခုလိုပြောပါသည်။

“ဒီဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် K3C လို့ခေါ်တဲ့ KIO၊ KNU၊ KNPP၊ CNF တွေဖြစ်တဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာရရှိထားတဲ့အချက်တွေဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်း ရမှာ ဖြစ်ပါတယ်” ဟူ၏။

အဆိုပါဘုံသဘောထားရပ်တည်ချက်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များကို အဆင့်လိုက် ဖော်ပြထားပါသည်။ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ သက်ဆင်းကြောင်း ခိုင်မာစေရန်နှင့် အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ဟူသော နိုင်ငံရေးအရ ရည်မျှော်ချက်သည် KPICT ဖြစ်တည်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သကဲ့သို့ KIO/KIA ၏ သဘောထားဦးတည်ချက်နှင့်လည်း သွေဖယ်နိုင်ချေ အလွန်နည်းပါးသည်ဟု ရှုမြင်နိုင်ပါသည်။

C3C အရ အမှတ် (၁) စစ်ဒေသဖြစ်သော ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းမြောက်၊ မကွေး၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသတွင် KIO/KIA ၏ စစ်ရေးအရ ဦးဆောင်မှုကို ဆက်လက်မြင်တွေ့ရနိုင်သကဲ့သို့ အနာဂတ်ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ရာတွင်လည်း နိုင်ငံရေးအရ မသိကိန်းများ ရှိနေသေးသည့်တိုင် KIO/KIA ၏ အခန်းကဏ္ဍကို တဖြည်းဖြည်းမြင်တွေ့လာရနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

1 Myanmar Armed Conflict Dashboard, BNI-MPM, 1 Feb 2021 – 30 April 2024
2 တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၅၆) မြို့အခြေပြ မြေပုံ၊ BNI – MPM၊ ၁၀ မေ ၂၀၂၄
3 KIA ရဲ့ ထိုးစစ် ၂ လအတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၈၀ လောက် သိမ်းပိုက်ထား၊ မြစ်ကြီးနားဂျာနယ်၊ ၇ မေ ၂၀၂၄
4 KIO ဌာနချုပ်ကို ပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်အားလုံးကို တိုက်ထုတ်မယ့် စစ်ဆင်ရေး၊ KNG ၊ ၁၁ မတ် ၂၀၂၄
5 “ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း” ၊ NUG ၊ ၃၁ ဇန်နဝါရီ ၂၀၂၄

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA