27 ဧပြီ 2024 /

See today's Peace Related News

ဖားကန့်သို့ အသစ်ပြောင်းလာသည့် လဝက ဒု-ဦးစီးမှုး ၃ လအကြာ ပစ်သတ်ခံရ

မန္တလေးမှ၊ ဖားကန့်သို့ရွှေ့ပြောင်းလာသော လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှုး ၃လအကြာ နေအိမ်အတွင်း ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၂ ယမန်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်တွင် ကြက်တစ်ကောင်ကုန်းရပ်ကွက် ဖားကန့်နယ်မြေနယ်ရဲစခန်းနောက်ဘက်ရှိ ဝန်ထမ်းအိမ်ယာတန်းလျား နေအိမ်အတွင်းရှိနေစဥ် ပစ်သတ်ခံလိုက်ရကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“ မနေ့က ရုံးပိတ်ရက်မို့လို့အိမ်မှာနေတဲဲ့ချိန် အိမ်ထဲကိုဝင်ပစ်သွားတာ ခေါင်းကိုနှစ်ချက်ပစ်ခံရလို့ နေရာမှာပဲပွဲချင်းပြီးသေဆုံးသွားတယ် သူက ပြောင်းလာတာသိပ်မကြာသေးဘူး နှစ်ပွင့်နဲ့ဟုတ်တယ်” ဟု ပြောသည်။

ပစ်သတ်ခံရသည့် လဝက ဒုဦးစီးမှူးသည် အသက် ၅၂ နှစ်ခန့်ရှိ ဒု-ဦးစီးမှုး ဦးမြင့်လွင်ဆိုသူဖြစ်ကာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အသစ်ပြောင်းလာသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ အခင်းဖြစ်တဲ့နောက်တော့အဲ့နားတစ်ဝိုက်ဘယ်သူမှသွားလို့မရဘူး လမ်းတွေပိတ်ထားတာ အနီးဝန်ကျင်တွေကို စစ်ဆေးတာတွေလုပ်သေးတယ်။အလောင်းကိုတော့ဖြစ်ဖြစ်ချင်းပဲ ဖားကန့်ဆေးရုံပို့တယ်” ဟု အခြားဒေသခံအမျိုးသားတစ်ဦးကပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်လည်း ယမန်နေ့ကအခင်းဖြစ်ပွားသွားသည့် ဝန်ထမ်းအိမ်ရာတန်းလျားအနီးတွင် အသက် ၄၀ ကျော်အရွယ်ရှိ ဦးသန်းစိုးနိုင်ဆိုသူအမည်မသိလက်နက်ကိုင်လူတစ်စုမှ ပစ်သတ်သွားသည့်ဖြစ်စဉ်ရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် စစ်အာဏာသိမ်းသည့်နောက် ယခုကဲ့သို့စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်များ၊ နယ်ထိန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသတ်ဖြတ်ခံရမှုမကြာခန ဖြစ်ပွားလျက်ရှိသည်။

KNG – ပေးပို့သည်။

More News