“ဘယ်လောက်ထိ ကျယ်ပြန့်လာနိုင်သလဲဆိုတော့ ဒီစစ်ရေးကတော့ ကျနော်တို့လည်း နည်းနည်း ခန့်မှန်း ရတာပေါ့နော။ ကျနော်ထင်တာကတော့ ဆက်ဖြစ်လာမယ့်အခြေအနေပေါ်မှာလည်း မူတည်တာပေါ့” ဒုတိယဗိုလ်မှူးကြီးမိုင်းအိုက်ကျော်- TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

0
263
ပုံစာ - TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်။

၁၀၂၇ စစ်ဆင်းရေး လုပ်ဆောင်ရတဲ့ အဓိကအကြောင်းရင်းနှင့်ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်နှင့် မေးမြန်းချက်။

၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောသည်။

၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အဖြစ် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟောင်နှင့် မုံးကိုး မြို့နယ်များတွင် စခန်းသိမ်းတိုက်ပွဲများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်ရတဲ့ အဓိကအကြောင်းရင်းနှင့်ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒီ ၁၀၂၇ စစ်ဆင်ရေး စတင်ရတဲ့ အကြောင်းအရင်းပေါ့နော်၊ ဘာလို့ ဒီစစ်ဆင်ရေးဖြစ်လာတာပါလဲ။

ဖြေ။ ။ အထူးသဖြင့်ကတော့ ဒီစကစက ဒီနှစ်ထဲမှာ ပိုများလာတဲ့ ကျနော်တို့ဘက်မှာ ဒီပြည်သူတွေရဲ့ အသက်အိုးအိမ်ကို လေကြောင်းတိုက်ခိုက်မှုတွေရော ဒီလက်နက်ကြီးတွေရော တောက်လျှောက် တိုက်ခိုက် ခံခဲ့ရတာရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့အတွက်ကတစ်ကြောင်း၊ တစ်ကြောင်းကတော့ ကျနော်တို့နယ်မြေ ပိုမိုထိန်းချုပ်နိုင်ဖို့ပေါ့နော။ နယ်မြေထိန်းချုပ်နိုင်ဖို့ဆိုတာက​တော့ အထူးသဖြင့်က​တော့ ဒီအွန်လိုင်းလောင်းကစား လိမ်လည်မှုက တော်တော်ကြီးများနေတာ။ အဲ့မှာရှိကြတဲ့ ပြည်သူလူထုတွေ ထိခိုက်မှုတွေ ရှိကြတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့က ဆောင်ရွက်နိုင်ဖို့အတွက် ဒီနယ်မြေ ထိန်းချုပ်နိုင်မှ တရားဥပဒေစိုးမိုးရေးက ပိုပြီးဆောင်ရွက်နိုင်တာဖြစ်တယ်။ အဲ့ဟာက တစ်ကြောင်း၊ တစ်ချက်ကတော့ ကျနော်တို့ ဒီအာဏာရှင်တွန်းလှန်တော်လှန်နိုင်ဖို့ အတွက်ကတော့ လုပ်နေတာ ကြာပြီပေါ့နော်။ ဒီဟာကလည်း အားလုံးပဲ အများကမျှော်လင့်နေတဲ့ အာဏာရှင် ပြုတ်ကျရေး၊ အမြစ်ပြတ် ပြုတ်ကျဖို့အတွက် ကျနော်တို့က ဒီအပိုင်းမှာ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

မေး။ ။ ဒီစစ်ဆင်ရေးကိုစတင်တဲ့နေ့မှာပဲ စစ်ကောင်စီရဲ့စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ပြောတယ်။ အဲ့ဒီအခြေအနေလေးလည်း သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့ဘက်က တိုက်ပွဲစဖြစ်တာက​တော့ မနေ့ကတည်း စဖြစ်တာ၊ မနေ့ကတော့ ပြင်ဦးလွင် အောက်နဲ့ မိုးကုတ်လမ်းမှာရှိတဲ့ ကျနော်တို့ နောင်ချိုမြို့နယ်ထဲက သံဘိုကျေးရွာမှာ အဲမှာတော့ ဒီစကစ စခန်းကို သိမ်းဆည်းရမိတာတော့ရှိတယ်။ နောက်ထပ် ဒီနေ့က​တော့ နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ ၁၃ မိုင် စခန်းလို့ခေါ်တဲ့ တာဝါတိုင်စခန်း ဒေသအခေါ်ပေါ့ အဲဒီတာဝါတိုင်စခန်းကို သိမ်းဆည်းရမိတာတော့ရှိတယ်။

မေး။ ။ ဒီ ၁၀၂၇ စစ်ဆင်ရေး စတင်ရတဲ့အကြောင်းအရင်းတွေကတော့ ၅ ချက်ပေါ့လေ၊ အဲ့ထဲမှာ လူထုအသက် အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့လေကြောင်း၊ လက်နက်ကြီး ဒီအခြေအနေတွေကနေ ကာကွယ်ဖို့ဆိုတာမျိုး ပြောထားတယ်။ စစ်တပ်က ဒီလိုတိုက်နေတာ အခုမှမဟုတ်ဘူး၊ အဲ့ဒါကို ဘာကြောင့် အခုချိန်မှာ ဒီစစ်ဆင်ရေး စရတာပါလဲ။ ဒါလေးကိုလည်း ထပ်ရှင်းပြစေချင်ပါတယ်။

​ဖြေ။ ။ မြေပြင် အဓိကဖြစ်နေတာတော့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးသားဖြစ်တယ်။ အရပ်ဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ တောက်လျှောက်လုပ်နေတာ ရှိတယ်ပေါ့နော။ နောက်တစ်ကြောင်းက ခုနပြောတဲ့ နယ်မြေတရားဥပဒေစိုးမိုးရေး လုပ်နိုင်ဖို့အတွက် နယ်မြေစိုးမိုးရေးလုပ်ဖို့အတွက် လိုတာပေါ့။ အဲဒါကတစ်ကြောင်း၊ တစ်ကြောင်းကတော့ ဒီ အာဏာရှင်ကို ပိုပြီးတော့တော်လှန် အမြစ်ပြတ်တော်လှန်နိုင်ဖို့ ကျနော်တို့က အော်ပရေးရှင်း စတင်ပြီးမှ ဖော်ဆောင်တာဖြစ်တယ်။

မေး။ ။ ဒီစစ်ဆင်ရေးက ဘယ်လောက်ထိ ကျယ်ပြန့်လာနိုင်ပါလဲ။

ဖြေ။ ။ ဘယ်လောက်ထိ ကျယ်ပြန့်လာနိုင်သလဲဆို​တော့ ဒီစစ်ရေးကတော့ ကျနော်တို့လည်း နည်းနည်း ခန့်မှန်းရတာပေါ့နော။ ကျနော်ထင်တာကတော့ ဆက်ဖြစ်လာမယ့် အခြေအနေပေါ်မှာလည်း မူတည်တာပေါ့။

မေး။ ။ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်နေတာဆိုတော့ လူထုကိုရော ဘာများအသိပေးစရာ၊ သတိပေးစရာရှိပါလဲ။

ဖြေ။ ။ ပြည်သူလူထုကလည်း ကျနော်တို့က အထူးသဖြင့်ကတော့ ဒီအော်ပရေးရှင်း တိုက်ပွဲဖြစ်တဲ့ဒေသကို ဒီခရီးသွားလာတဲ့ကိစ္စပေါ့နော၊ ဟိုဟာပေါ့ ခရီးသွားလာရေးလုံခြုံရေးပေါ့နောတစ်ခု၊ တစ်ခုကတော့ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာလည်းပါတယ်။ စကစက တိုက်ပွဲရှိရှိ၊ မရှိရှိ လက်နက်ကြီးတွေနဲ့ ဒီလေကြောင်းတိုက်ခိုက်မှု တွေကပြုလုပ်နေတာတော့ရှိတယ်။ ဒီ ပြည်သူလူထုတွေအနေနဲ့လည်း ဒီစစ်ရေးသတိပေါ့နော၊ ကိုယ့်အတွက် လုံခြုံဖို့အတွက် မိမိတို့နေထိုင်တဲ့နေရာတွေမှာ ဒီဗုံးခိုကျင်းတို့ ဘန်ကာ-ကတုတ်တို့ပါ ပြင်ဆင်ထားဖို့အတွက် လိုပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့လက်လှမ်းမှီသလောက် အရင်ကတည်းကလည်း အသိပညာပေး ကိစ္စတွေ အသိပေး ပေးသားပြီး လည်းဖြစ်ပါတယ်။

မေး။ ။ ဒီစစ်ဆင်ရေးနောက်ကွယ်မှာ တရုတ်က ပါဝင်ပတ်သက်နေတယ်ဆိုတာမျိုး သုံးသပ်ပြောဆိုတာတွေ၊ ရေးနေတာမျိုး တချို့ ရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီးရော ဘာများပြောချင်ပါလဲ။

ဖြေ။ ။ ဒီဟာကတော့ ရေးတဲ့ကိစ္စကတော့ ကျနော်တို့လည်း မသိရဘူးနော။ သူတို့က ဘယ်ကနေ အခြေခံကနေ ရေးတာလည်းဆိုတာ ကျနော်တို့လည်းမသိဘူး။ ဒါပေမယ့် ကျနော်တို့ ထုတ်ပြန်ပြီးသားလည်း ဖြစ်ပါတယ်။ ဒီကိစ္စကတော့ ကျနော်တို့ရဲ့ အော်ပရေးရှင်းက ကျနော်တို့ ၂ ကြိမ် ၃ ကြိမ်လောက် ဖော်ဆောင် ပြီးသားလည်း ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ညီနောင် မဟာမိတ်အနေနဲ့ ပူးပေါင်းပြီးမှ ဆောင်ရွက်တာ ဖြစ်တယ်။ အရင်ကတော့ ကျန်တဲ့ဒေသမှာကတော့ တိုက်ပွဲဖြစ်ပွားမှုတော့ မရှိပေမယ့်လည်း တနေရာရာမှာ အဲလိုမျိုး အော်ပရေးရှင်းတွေ ဖော်ဆောင်နေတာ ရှိပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here