ရေဖြူ၊ ကံပေါက်တွင် စစ်ကောင်စီသတင်းပေး ၂ ဦး ပစ်သတ်ခံရ

0
100
ပုံစာ - ထားဝယ်၊ ရေဖြူ၊ ကံပေါက်တွင် စစ်ကောင်စီသတင်းပေး ၂ ဦး ပစ်သတ်ခံရ။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တစ်ဦးနှင့် ရပ်/ကျေးစာရေး တစ်ဦးတို့ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က ကံပေါက်ဒေသ၊ ခေါင်ပြန်ကျေးရွာမှ ဦးကြည်စိုး၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် လူ ၃ ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၀ အရွယ် ရွာသားတစ်ဦးက “နှစ်ယောက်စလုံးက စစ်တပ်နဲ့ အတူတွဲပြီး သွားသွားလာလာ ရှိနေသူတွေပါ။ ပြည်သူ့ကာကွယ်ရေး တပ်တွေက အကြိမ်ကြိမ်သတိပေးတာ ခံရဘူးတယ်” ဟု ပြောသည်။

ဦးကြည်စိုးအား ပစ်ခတ်ခဲ့သူများက ဇာဒီကျေးရွာအလယ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် ဦးသက်မောင် ဆိုသူကိုလည်း သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ရွာသားများက ဆက်ပြောသည်။

ဦးသက်မောင်မှာ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လက်မောင်းနှင့်ပေါင်တို့၌ ကျည်ရှပ်ထိဒဏ်ရာများ ရရှိခဲ့ပြီး အုန်းပင်ကွင်း ကျေးရွာရှိ မောရဝတီ ရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။

ထိုသို့ပစ်ခတ်မှုများ ဖြစ်ပြီးသည့်နောက် ယင်းနေ့ ညနေပိုင်းတွင် ကံပေါက်ကျေးရွာဘက်မှ ကားငယ် ၂ စီး၊ ကားကြီး ၄ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ဇာဒီကျေးရွာသို့ ရောက်ရှိလာသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်မှ ဇာဒီကျေးရွာအုပ်စု အတွင်းရှိ ပယကျေးရွာ၊ ခွေးမဖောကျေးရွာနှင့် ခေါင်ပြန်ကျေးရွာများတွင် ကင်းပုန်းဝပ်ပြီး ပယကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့၊ ညနေပိုင်း အချိန်ထိ အထိုင်ချကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က ဇာဒီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးအေးဟန် ပစ်သတ်ခံခဲ့ရ ပြီးနောက် လက်ရှိအချိန်ထိ ကံပေါက်ဒေသအတွင်း ဆိုင်ကယ်စီးခွင့်ကို စစ်ကောင်စီတပ်မှ ပိတ်ပင်ထားသည်ဟု ဒေသခံရွာသားများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here