လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၈၀ ကျော် ပျက်စီးသွား

0
190

ရခိုင်ပြည်တွင် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့မှ စစ်ဘေးရှောင်နေအိမ် ၈၃ လုံး ပြိုလဲပျက်စီးသွားခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ပျက်စီးသွားသည့်နေအိမ်ထဲတွင် ရသေ့တောင်မြို့ပေါ်ရှိ စေတီတောင်စစ်ဘေးရှောင်စခန်းမှ နေအိမ် ၆ လုံးနှင့် ရသေ့တောင်မြို့နယ် ပြားချောင်းကြီးစစ်ဘေးရှောင်စခန်းမှ ၅၅ လုံး၊ ကျောက်တော်မြို့ ပေါ်ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ၃ လုံးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းတောင်စစ်ဘေးရှောင် စခန်းမှ ၅ လုံးအပြင် ပုဏ္ဏားကျွန်းမြို့နယ် ဘူတာရုံစစ်ဘေးရှောင်စခန်းမှနေအိမ် ၁၄ လုံးတို့ဖြစ်သည်။

အဆိုပါနေအိမ်များမှာ လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးများပွင့်ထွက်သွားခြင်း၊ အိမ်တိုင်များကျိုးသွား ခြင်း၊ ယိုင်လဲကာနေထိုင်၍ရမရတော့သည့် နေအိမ်များပါဝင်ပြီး ပြန်လည်ဆောက်လုပ်အတွက် အကူအ ညီများလိုအပ်နေသည်ဟု ရသေ့တောင်မြို့ရှိ စေတီတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစောဝင်းရွှေက ပြောသည်။

“အိမ်တိုင်တွေမခိုင်တော့ အကုန်လုံးယိမ်းယိုင်လဲသွားတယ်။ မနေ့ကဆိုရင် အကုန်လုံးအစို အစွတ် နဲ့နေခဲ့ရတယ်။ မိုးကနည်းနည်းပဲ ရွာတာတောင် ဒီလေက်အခက်အခဲဖြစ်ရင် မိုးအများကြီးထပ်ရွာမယ် ဆိုရင်တော့ သိပ်အအခက်အခဲ ရှိနိုင်တယ်” ဟု တာဝန်ခံ ဦးစောဝင်းရွှေက ပြောသည်။

ပျက်စီးသွားသည့် နေအိမ်များမှာ ဓနိမိုး၊ ဝါးခင်း၊ သစ်လုံးငယ် တိုင်တို့ဖြင့် တည်ဆောက်ထားခြင်း များဖြစ်ပြီး ၄ နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်သဖြင့် လေပြင်းတိုက်ခတ်သည်နှင့်အပြိုက်နက် အလွယ် အတူပြိုလဲပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးစစ်ဘေးရှောင်စန်းမှ ဦးညိုဇံအောင်က “အဆောင်တွေအခြေ အနေတော့ နေလို့ကိုမရတော့ဘူး။ ဒီထက်လည်း ပျက်စီးစရာ မရှိတော့ဘူး။ အစကတည်း ကပျက် နေတာ။အခုဆိုရင် အဆောင်ဆောက်တာလေးနှစ်ရှိနေပြီ။ အမိုးအကာတွေလည်း ပျက်စီးနေတာ။ အဝတ်အထည်တွေလည်း အကုန်လုံးစိုစွတ်နေတာကြောင့်အဝတ်အစားတွေ အထုတ်ပိုးပြီး ဘုန်းကြီး ကျောင်းသွားနေနေရတယ်” ဟု ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များမှာ ပျက်စီးသွားသည့်နေအိမ်များကို ပြုပြင်ကာနေထိုင်နေကြသလို အချို့မှာလည်း နေအိမ်အဟောင်းမှ သစ်လုံး၊ ဝါးများနှင့် ယာယီတဲအိမ်များဆောက်လုပ်ကာ နေထိုင်နေ ကြကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာလုံလောက်မှုမရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် ပျက်စီးသွား သည့်နေအိမ်များကို ပြန်လည်ဆောက်လုပ်ရန်အတွက် အခက်အခဲများရှိနေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကဏန်းတောင်စစ်ဘေးရှောင်စခန်းမှ ဦးကျော်နိုင်က ပြောသည်။

“အမိုးအကာတွေ ပျက်စီးသွားပါတယ်။ ကျနော်တို့မှာ ထပ်ပြီးဝယ်ဖို့ကလည်း အဆင်မပြေပါဘူး။ အမိုးတွေကိုကြိုးတွေနဲ့ဆွဲပြီး သေချာချည်ထားတာမဟုတ်တော့ မနေ့က လေပြင်းတိုက်တာမှာ အကုန်လုံးလွင့်ပြီး ပါသွားပါတယ်။ လောလောဆယ်မှာ တာပေါ်လေစတွေ လိုအပ်နေပါတယ်” ဟု ကိုကျော်နိုင်က ပြောသည်။

နေအိမ်ပျက်စီးသွားသည့် စစ်ဘေးရှောင်များနှင့်ပတ်သက်၍ မည်သို့စီစဉ်ပေးရန် ရှိ/မရှိကို သိရှိနိုင်ရန် အတွက် ပြည်နယ်စစ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းတို့ DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း ရုတ်တရက်မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ နေအိမ် ၉၀၀ ကျော် ပျက်စီးသွားခဲ့သည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များမှာ လက်ရှိ တိုက်ပွဲရပ်တန့်နေသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် နေရပ်မပြန်နိုင်သေးကြပေ။

စစ်ဘေးရှောင်မှာ စခန်းအတွင်းနေထိုင်မှု အချိန်ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအပြင် ဘဘာဝဘေးအန္တရာယ်စသည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here